MONYWA / AUGUST 20, 2021
စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်ပက်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂၅/၂၀၂၁)ကို သြဂုတ်လ(၁၉)ရက်၊ နံနက်(၉) နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ် ကျော်စွာဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားရာတွင်“ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီများအနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးမှုများအား အလေးအနက်ထား၍ ဆောင်ရွက်ကြရန်နှင့် စစ်ဆေးတွေ့ရှိပါက Center များတွင် ဆေးကုသမှုခံယူကြရန်လိုအပ်ပါကြောင်း၊ သက်မှတ် Center များတွင် ဆေးကုသမှုခံယူနေသောလူနာများ နေထိုင်စားသောက်မှုကိုလည်း လိုအပ်ချက်မရှိအောင် ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ပြည်သူများ လိုအပ်သည့် ဆေးပစ္စည်းများကို အရည်အသွေးမှန်ကာ ဈေးနှုန်း သက်သာလုံလောက်စွာဖြင့် လွယ်လင့်တကူဝယ်ယူနိုင်ရေးကို ဆေးဆိုင်များနှင့် တာဝန်ရှိသူများ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ အောက်ဆီဂျင်လိုအပ်မှုမရှိအောင် စီမံဆောင်ရွက်ထားကြရန်နှင့် တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိမှုလျော့နည်းစေရေး တာဝန်ရှိသူများမှ အထူးအလေးထား ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ လုံလောက်မှုရှိရန်နှင့် စနစ်တကျသုံးစွဲကြရန် တာဝန်ရှိသူများမှ ကြီးကြပ်၍ စီမံဆောင်ရွက်ကြရန် လိုအပ်ပါကြောင်းနှင့် မြို့နယ်များရှိ စည်ပင်သာယာဈေးများတွင် ဈေးရောင်းချသူများနှင့်ဈေးဝယ်သူများ Mask ၊ Face Shield များ စနစ်တကျတပ်ဆင်၍ ရောင်းချဝယ်ယူ ကြရန်လိုအပ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုယ်စီအသိတရားဖြင့် ပူးပေါင်းဆောင်ရွက်ကြရန်နှင့် ရောဂါပိုးကူးဆက်မှုလျော့ချရေးနှင့် ဆေးရုံတက်ရောက်ကုသရပါကလည်း သေဆုံးမှုမရှိစေရေးကို တာဝန်ရှိသူများမှ အလေးအနက်ထား ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ” ပြောကြားခဲ့ပါသည်။

ယင်းနောက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ်ကျော်စွားဝင်းက အောက်ဆီ ဂျင်အိုးများ လုံလောက်စွာရရှိစေနိုင်ရေး လုပ်ငန်းများအားတာဝန်ရှိသူများနှင့် ပေါင်းစပ်၍ ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း ပြောကြားကာ အစည်းအဝေးသို့ တက်ရောက် လာကြသော တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းဆိုင်ရာလုပ်ငန်းများ၊ ကာကွယ်ဆေးထိုးနှံခြင်းဆိုင်ရာလုပ်ငန်းများ၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီများမှ ပညာပေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် မြို့ဝင် မြို့ထွက် စစ်ဆေးရေးဂိတ်များ ဆောင်ရွက်နေမှု လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီးအကြံပြု ဆွေးနွေး တင်ပြခဲ့ကြပါသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်၊ကုသခြင်း ဆိုင်ရာလုပ်ငန်းများ၊ တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများလိုအပ်သည့် ဆေးဝါးများနှင့် အောက်ဆီဂျင်များ လုံလောက်စွာရရှိရေး၊ စိုက်ပျိုး၊မွေးမြူရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ရေး၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီများမှ ပညာပေးလုပ်ငန်းများ ဆောင်ရွက် နေမှုနှင့် မြို့ဝင်မြို့ထွက်ဂိတ်များ စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးကာ အစည်းအဝေးကိုရုပ်သိမ်းခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် သြဂုတ်လ (၂၀)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသော စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ဝေမာအင်တာနေရှင်နယ်လီမိတက်မှ အောက်စီဂျင် စလင်ဒါအိုးနှင့် PPE ဝတ်စုံများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားသို့ တက်ရာက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကားပြောကြားကာ ဝေမာအင်တာနေရှင်နယ်လီမိတက်မှ အထွေထွေ မန်နေဂျာ ဦးရဲနိုင်က အောက်စီဂျင်စလင်ဒါအိုးများနှင့် PPE ဝတ်စုံများပေးအပ်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ထံ ဝေမာအင်တာနေရှင်နယ် လီမိတက်မှ အထွေထွေမန်နေဂျာ ဦးရဲနိုင်က အောက်စီဂျင်စလင်ဒါအိုးများနှင့် PPE ဝတ်စုံများပေးအပ် လှူဒါန်းကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။

အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ဝေမာအင်တာနေရှင်နယ် လီမိတက်မှ အောက်စီဂျင်စလင်ဒါအိုး (၁၀၀)နှင့် PPE ဝတ်စုံ(၄၀၀)စုံလှူဒါန်းခဲ့ပြီး ကသာမြို့နှင့်ထီးချိုင့်မြို့နယ်များသို့ အောက်ဆီဂျင်စလင်ဒါအိုး (၁၀၀)နှင့် PPE ဝတ်စုံ (၄၀၀)စုံတို့အား ဆက်လက်လှူဒါန်းသွားမည်ဖြစ်ရာ စုစုပေါင်း ကာလတန်ဘိုးငွေကျပ် သိန်းပေါင်း(၁၁၀၀)ကျော် ဖြစ်ကြောင်းသတင်းရရှိပါသည်။