မုံရွာ၊ ဩဂုတ် ၁၅

စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၆-ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် အခမ်း အနားကို ဩဂုတ်လိုင်လ ၁၅ ရက်၊ နံနက်ပိုင်းတွင် မုံရွာစီးပွားရေးတက္ကသိုလ်ကျောင်း ဝန်းအတွင်း ကျင်းပပြုလုပ်ရာ သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးနှင့်ဇနီး၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်၊ဒီဂရီကောလိပ် များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ဆရာမများ၊နှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက သစ်ပင်စိုက်ပျိုးပွဲတော်များ ဆောင် ရွက်ခြင်းအားဖြင့် ပတ်ဝန်းကျင် စိမ်းလန်းစိုပြည် သာယာလှပပြီး ဂေဟစနစ်ကောင်းမွန် မျှ တစေရေး၊ သဘာဝဘေးအန္တရာယ်များမှ တားဆီးကာကွယ်နိုင်ရေး၊ ရာသီဥတုမျှတကောင်းမွန်စေရေးစသည့် ရည် ရွယ်ချက်ကောင်းများဖြင့် နိုင်ငံတစ်ဝှန်းလုံးတွင် ပြည်သူလူထု ပူးပေါင်း ပါဝင်မှုဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းကြစို့”ဆိုသည့် မူဝါဒနှင့်အညီ ပတ်ဝန်းကျင်ဂေဟစနစ် တည်ငြိမ် ကောင်းမွန်စေရန်နှင့် မိမိတို့တိုင်းဒေသကြီးအတွင်း စိမ်းလန်းစိုပြည်ပြီး ရာသီဥတုပြောင်း လဲမှု လျှော့ချနိုင်ရန်အတွက် သစ်ပင်များစိုက်ပျိုးရေး၊ သစ်တောထိန်းသိမ်းရေးလုပ်ငန်းများ အား အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် တာဝန်ရှိသူအားလုံးမှ အရှိန်အဟုန်မြှင့် ပူး ပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ၊ တိုင်ဒေသကြီးတရားသူကြီးချုပ်နှင့်ဇနီး၊တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များနှင့်ဇနီးများ၊ သစ်ပင်စိုက်ပွဲ အခမ်းအနားသို့ တက်ရောက်လာသူများမှ သတ်မှတ်နေရာများတွင် ရတနာ တန်းဝင်အပင်နှင့် အရိပ်ရလေကာပင် သစ်မျိုး(၉)မျိုး၊ စုစုပေါင်းအပင်(၇၂၀)ပင်အား စုပေါင်းစိုက်ပျိုးကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက တိုင်းဒေသ ကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်၊ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူ များ၏ တစ်ပျော်တစ်ပါး သစ်ပင်စိုက်ပျိုးပေးနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ၂၀၂၆ -၂၀၂၇ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည် ဆောက်သွားမည့် မုံရွာမြို့၊ မြို့ပြနှင့်အိမ်ရာဦးစီးဌာန၊ နန္ဒဝန်အိမ်ရာအတွင်း ၄ ခန်းတွဲ၊ ၄ ထပ် အဆောက်အဦသစ် ဆောက်လုပ်မည့်နေရာသို့ ရောက်ရှိရာ တိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးက
၄ ခန်းတွဲ၊ ၄ ထပ် အဆောက်အဦသစ်နှင့် ဝန်ထမ်းအိမ်ရာ ၄ လုံး ဆောက် လုပ်သွားမည့် တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများ သတ် မှတ်ဘဏ္ဍာနှစ်အတွင်း စံချိန်စံညွှန်းမီ၊ အရည်အသွေးကောင်းမွန်စွာဖြင့် တည်ဆောက်ပြီး စီးရေးတို့အား တာဝန်ရှိသူများအား မှာကြားကာ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။