မုံရွာ၊ မေ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများလိုက်ပါလျက် မေလ ၁၆ ရက်၊ နံနက်ပိုင်းတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခန္တီး-ဆင်သေ-လဟယ်လမ်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာ ရေးနှစ်တွင်ဆောင်ရွက်မည့် မိုင်တိုင်အမှတ် ၃၃-၃၄ ကြား မျက်ကွယ်ကုန်းဖြတ်ခြင်းလုပ်ငန်း၊ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်မည့်နေရာ၊ အမြင့်ပေ ၄၉၉၇ ပေရှိ ထိန်ညိုတောင်ရှုခင်းသာဗျူးပွိုင့် ဆောင်ရွက်မည့်နေရာနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် လဟယ်မြို့အဝင် မိုင်တိုင်အမှတ် ၅၁-၅၂ ကြား လမ်းတာချဲ့ခြင်းလုပ် ငန်းပြီးစီးမှုအခြေ အနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအား ပြန်လည်ဖြေဆိုကြမည့် လဟယ်မြို့နယ်မှ ကျောင်းသား၊ ကျောင်းသူ ၂၃၀ ဦးအား လဟယ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ စခန်းသွင်း သင်ကြားပေးနေမှုများနှင့် လဟယ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အခြေခံ ပညာမူလတန်းကျောင်းများမှ ဆရာ/ဆရာမများအား ပညာရေးနှင့်သင်ပြနည်းပညာ ဒီပလိုမာသင်တန်း သင်ကြားနေမှုများအား သွားရောက်ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များ ကိုတာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါ ကျောင်းဝန်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား/ ကျောင်းသူများအား နေ့လည်စာကျွေးမွေးနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါကျောင်း ဝန်းအတွင်းရှိ ချယ်ရီမြိုင်ခန်းမတွင် လဟယ်မြို့နယ်ရှိ ပညာရေးနှင့်သင်ပြနည်းပညာ ဒီပလိုမာသင်တန်း တက်ရောက်နေကြသည့် ဆရာ၊ဆရာမများ၊ ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား၊ကျောင်းသူများနှင့် တွေ့ဆုံပွဲ အခမ်း အနားသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင်စာ မေးပွဲ ပြန်လည်ဖြေဆိုရခြင်းအတွက် နိုင်ငံတော်နှင့် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် စခန်းသွင်းသင်ကြားနေစဉ်ကာလအတွင်း ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများအတွက် အုပ်ချုပ်၊ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေ အနေများအား ရှင်းလင်းပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြို့နယ်ပညာရေးမှူးထံ ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား/ ကျောင်းသူများအတွက် စခန်းသွင်းသင်ကြားနေစဉ်ကာလအတွင်း စားသောက်စရိတ် ငွေကျပ်သိန်း- ၂၀၀ ကျပ် အားလည်းကောင်း၊ ပညာရေးနှင့်သင်ပြနည်းပညာ ဒီပလိုမာသင်တန်း တက်ရောက်နေ ကြသည့် ဆရာ/ဆရာမများအတွက် ငွေကျပ်- ၃၀ သိန်းတို့အား ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူများ ကိုယ်စား ကျောင်းသူတစ်ဦးကလည်းကောင်း၊ ပညာရေးနှင့် သင်ပြနည်းပညာ ဒီပလိုမာသင်တန်း တက်ရောက်နေကြသည့် ဆရာ/ဆရာမများ ကိုယ် စား ဆရာမတစ်ဦးက လည်းကောင်း ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ကြ သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်အတွင်းရှိ ဟွေထိုက်ချောင်းပေါ်တွင် ရေထိန်းတမံ တစ်ခုတည်ဆောက်၍ ရေသိုလှောင်ပြီးရရှိလာမည့် ရေအားအမြင့်ကိုအသုံးပြုလျက် ၄ မဂ္ဂါဝပ် တပ်ဆင်စက်အင်အားရှိ နှစ်စဉ်လျှစ်စစ်ဓာတ်အား ၂၀.၃၈၁ ကီလိုဝပ်နာရီသန်း ပေါင်း ထုတ်လုပ်နိုင်မည့် ဟွေထိုက်အသေးစားရေအားလျှပ်စစ် စီမံကိန်းရှင်းလင်းဆောင် သို့ရောက်ရှိရာ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ်(၂)တည် ဆောက်ရေး၊ တာဝန်ခံမှ ဘဏ္ဍာနှစ်အလိုက် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက် ပြီးစီးမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများ စံချိန် စံညွှန်းမီ အရည်အသွေးကောင်းမွန်စွာ တည်ဆောက်ပြီးစီးရေး၊ ကုန်ကြမ်းပစ္စည်းများလုပ် ငန်းခွင်သို့ အချီန်မီရောက်ရှိရေးနှင့် သတ်မှတ်ကာလအတွင်း တည်ဆောက်ရေးလုပ် ငန်းများပြီးစီးအောင် ဆောင်ရွက်သွားရေးတို့အား မှာကြားကာ တည်ဆောက် ရေးလုပ် ငန်းများ ဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိ သူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လဟယ်မြို့၊ ပြည်သူ့ဆေးရုံသို့ ရောက်ရှိရာ ဆေးကုသမှုခံယူနေကြသည့် ဒေသခံတိုင်းရင်းသားများ အား တာဝန်ရှိသူများနှင့်အတူ အဟာရဖြည့်စွက်စာများ ပေးအပ်ခဲ့ကြပြီး ဆေးရုံအုပ်ကြီး ထံ ဆရာဝန်/သူနာပြုများနှင့် ဆေးရုံဝန်ထမ်းများအတွက် ငွေကျပ် – ၁၀ သိန်းအား ပေး အပ်ခဲ့ကြောင်း သိရသည်။










