မုံရွာ၊ ဇွန် ၂၁
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအဆင့်ဌာန ဆိုင်ရာများနှင့် တာဝန်ရှိသူများသည် ဇွန်လ ၂၁ ရက်၊ မွန်းလွဲပိုင်းတွင် ဟုမ္မလင်းခရိုင်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ပြည်သူများ၏လူမှုစီးပွားဘဝ နှင့်နယ်မြေဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသ၏ထုတ်ကုန်များအား လွယ်ကူမြန်ဆန်စွာ သယ်ယူပို့ဆောင်နိုင်ရေးနှင့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ နိုင်ငံတော်မှ ဟုမ္မလင်းမြို့နယ်၊ ထမံသီကျေးရွာအနီး တည်ဆောက်လျက်ရှိသည့် ချင်းတွင်းမြစ်ကူးတံတား(ထမံသီ) တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိကြသည်။
ဦးစွာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီး ဌာန၊ တည်ဆောက်ရေးအဖွဲ့(၂)မှ လက်ထောက်ညွှန်ကြားရေးက ချင်းတွင်းမြစ်ကူးတံတား(ထမံသီ) တည်ဆောက်ရေးလုပ်ငန်းများ ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်နေမှုများ၊ ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းများနှင့်ပတ်သက်၍ ချင်းတွင်းမြစ်အရှေ့ဘက်ခြမ်း ပင်းမာကျေးရွာနှင့် ထမံသီ ကျေးရွာ ချင်းတွင်းမြစ် အနောက်ဘက်ကမ်းတို့ရှိ တံတားကြီးတည်ဆောက်နေမှု လုပ်ငန်းများအား လည်းကောင်း၊ တိုင်းဒေသကြီး လမ်းဦးစီးဌာနမှ တံတားကြီး၏ အရှေ့ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်းတို့ရှိ ချဉ်းကပ်လမ်းများ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးနေမှုအခြေအနေများအား လည်းကောင်း Power Point ဖြင့် ရှင်းလင်း တင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆောက်လုပ်မှုကုန်ကျစရိတ် ပြောင်းလဲမှုမရှိစေရန်နှင့် အသုံးပြုမည့်ပြည်သူများ အချိန်စောစွာ အကျိုးခံစားရစေရန်အတွက် တည်ဆောက်ရေးလုပ်ငန်းများအား သတ်မှတ်ကာလတွင်ပြီးစီးအောင် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ မိုးတွင်းကာလရောက်ပြီဖြစ်၍ မိုးသည်းထန်စွာရွာသွန်းမှုနှင့် ချင်းတွင်း မြစ်ရေကြီးမှုတို့ကြောင့် မလိုအပ်သည့် ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး ကြိုတင်မျှော်တွေးကာ လိုအပ်သည်များကို စီမံဆောင်ရွက်ထားရှိရန် မှာကြားခဲ့ပြီး ရှင်းလင်းတင် ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ချင်းတွင်းမြစ်ကူးတံတား (ထမံသီ)တံတားကြီး ၉၂.၅% တည်ဆောက်ပြီးစီးမှု အား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။
အဆိုပါ ချင်းတွင်းမြစ်ကူးတံတား(ထမံသီ)သည် ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ် နှင့်နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ လေရှီးမြို့-ပန်ဆပ် – ဆွမ္မရာမြို့လမ်းပေါ်တွင် ချင်းတွင်းမြစ်အားဖြတ်၍ တည်ဆောက်ထားသည့် သံကူကွန်ကရစ် တံတားအမျိုးအစား ဖြစ်ပြီး တံတားအရှည် – ၈၀၁ မီတာ၊ အကျယ် – ၉.၄ မီတာ၊ တံတားအခန်းပေါင်း – ၁၅ ခန်း ၊ ရေလမ်းကင်းလွတ် အမြင့် ၄၀ ပေ(HFL)ဖြင့် တည်ဆောက်လျက်ဖြစ်ကြောင်း သိရသည်။



