မုံရွာ၊ ဇွန် ၂၃
နိုင်ငံ့တာဝန်များအား တစ်ထောင့်တစ်နေရာမှ တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဌာနဆိုင်ရာအသီးသီးမှ အငြိမ်းစားဝန်ထမ်းများ ကျန်းမာသန်စွမ်းစွာဖြင့် နေထိုင်သွားလာနိုင်ရေးနှင့် စားသောက်ရေးများအဆင်ပြေစေရန်အတွက် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေး ပေးခြင်းနှင့် အခြေခံစားသောက်ကုန်များ ပေးအပ်ခြင်း အခမ်းအနားကို ဇွန်လ ၂၃ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ အရာထမ်း/အမှုထမ်းနှင့် တိုင်းဒေသကြီးအတွင်း ရှိ အငြိမ်းစားဝန်ထမ်းများ တက်ရောက်ကြသည်။
ဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသည့် အငြိမ်းစားဝန်ထမ်းများအား နံနက်စာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာအသီးသီးမှ အငြိမ်းစားဝန်ထမ်းများအား ရင်းရင်းနှီးနှီးလိုက်လံ မိတ်ဆက်စကားများ ပြောကြားကာ တာဝန်ရှိသူ များနှင့်အတူ အငြိမ်းစားဝန်ထမ်း ၆၈၀ ဦးအား အဟာရဖြည့်စွက်စာ ကြက်ဥများအား လက်ရောက်ပေးအပ်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခန်းမအတွင်း၌ မုံရွာခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အငြိမ်းစားဝန်ထမ်းများအား ဆီးချို/သွေးချို ရောဂါ၊ သွေးတိုးရောဂါ၊ အကြောနာအကြောတက်ရောဂါ၊ နှလုံးရောဂါ၊ ချောင်းဆိုးရင် ကြပ်ရောဂါများအား စစ်ဆေးကုသပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး ကုသရေး လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်း စပ်ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါခန်းမဝန်းအတွင်း၌ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ အငြိမ်းစားဝန်ထမ်းများအား အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ စားသုံးဆီနှင့် ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေးနေမှုများအားလိုက်လံ ကြည့်ရှုခဲ့ကြောင်း သိရသည်။


