မုံရွာ၊ ဩဂုတ် ၂၆
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး အလုပ် အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးကော်မတီနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း အမှတ်စဉ် (၁/၂၀၂၅-၂၀၂၆)သင်တန်းဆင်းပွဲ အခမ်း အနားကို ဩဂုတ်လ ၂၆ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ ကျင်းပပြုလုပ်ရာ သင်တန်းဆင်းပွဲ အခမ်း အနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်း သား/သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး အစိုးရ အဖွဲ့အနေဖြင့် မိမိဒေသနှင့်ကိုက်ညီမှုရရှိစေမည့် အသက်မွေးမှုနှင့် ကျွမ်းကျင်မှုသင်တန်း များအား ယမန်နှစ်များနှင့်နည်းတူ စဉ်ဆက်မပြတ်ဖွင့်လှစ်ပေးသွားရန် စဉ်စီဆောင်ရွက် ထားရှိပါကြောင်း၊ မိသားစုအလိုက် ဝင်ငွေရရှိမှသာ ဆမ်းရဲနွမ်းပါးမှုလျော့ချပြီး ကလေးသူငယ်များ လုပ်ငန်းခွင်အတွင်းဝင်ရောက်မှု လျော့ပါးပြီး ကျောင်းပြင်ပရောက်နေကြသည့် ကလေးများ ပညာရေးလက်လှမ်းမီစေရန် ကလးအလုပ်သမား ပပျောက်စေရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သင်တန်းသား/သင်တန်းသူများအနေဖြင့် ယခုသင်တန်းမှ သင်ကြားပေးလိုက်သည့် ပညာရပ်များဖြင့် ဝင်ငွေရရှိစေမည့် အလုပ်အကိုင်များ ရရှိကြရန် နှင့်မိမိတို့ဘဝ လုံခြုံမှုအတွက် အထောက်အပံ့ကောင်းများ ရရှိကြစေရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး သယံဇာတရေးရာ ဝန်ကြီး ဦးတင်သန်းဝင်းကသင်တန်းသား၊သင်တန်း သူများကိုယ်စား သင်တန်းသူတစ်ဦးထံ သင်တန်း ဆင်းလက်မှတ်များအား လည်းကောင်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်က သင် တန်းမှထွက်ရှိသည့် လူသုံးကုန်ပစ္စည်းများအား သင်တန်းသူတစ်ဦးထံသို့ လည်းကောင်းပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ သင်တန်းသား/သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများကသင်တန်းသား/သင်တန်းသူများကိုယ်တိုင် ပြုလုပ်ထားသည့် လူသုံးကုန်ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်နှင့် လက်ဆေးရည် အမျိုးမျိုးတို့အား ကြည့်ရှုခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် ကန့်ဘလူမြို့၊ ကန့်ဘလူခရိုင် စုပေါင်းရုံးရှိ ရွှေဆည်မြိုင်ခန်းမတွင် ကျင်းပပြုလုပ်သည့် ကန့်ဘလူခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက် ကြသည်။
ဦးစွာ ကန့်ဘလူခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဠက ကန့်ဘလူ ခရိုင်အတွင်းရှိ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းများနင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြပြီး မြို့မိမြို့ဖတစ်ဦးက ကန့်ဘလူမြို့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ဖြည့်ဆည်းပေးလိုမှုလုပ်ငန်းများအား ဆွေးနွေးတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များ ကန့်ဘလူခရိုင်အတွင်းရှိ မြို့နယ်များ၌ မိမိတို့တာဝန်ယူဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံတော်နှင့် မိမိတို့တိုင်းဒေသကြီး အစိုး ရအဖွဲ့အနေဖြင့် ကန့်ဘလူခရိုင်အတွင်း လုံခြုံတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသ ဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ MSMEs လုပ်ငန်းများနှင့် ရွေးကောက်ပွဲဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ကန့်ဘလူမြို့နှင့်ကျွန်းလှမြို့နယ်များရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များနှင့် မြို့လုံခြုံ ရေးတာဝန် ထမ်းဆောင်နေကြသည့်အဖွဲ့များအား ချီးမြှင့်ငွေများ အသီးသီးပေး အပ်ချီးမြှင့်ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက် လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့၊ ကုတင် ၁၀၀ ဆံ့၊ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိရာ ဆေးကုသမှုခံယူနေကြသည့် ဒေသခံ ပြည်သူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်း ဒေသကြီးအဆင့် ဌာနဆိုင်ရာများက အဟာရပြည့်စားသောက်ဖွယ်ရာများ လိုက်လံပေး အပ်ခဲ့ကြပြီး ကုသရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများ နှင့်ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ဆေးရုံဝန်ထမ်းများအတွက် ဆေးရုံအုပ်ကြီး ထံ ငွေကျပ် – ၁၀ သိန်းအား ပေးအပ်ခဲ့ကြောင်း သိရသည်။






