စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ ရေကူးအားကစား သမားများပေါ် ထွက်လာစေရန်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ရေကူးအားကစားပြိုင်ပွဲများတွင် အဆင့် တန်းရှိစွာဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး၊ ရေကူးအားကစားနည်း အဆင့်အတန်း တိုးတက် မြင့်မားလာစေရန်နှင့် မြို့နေပြည်သူများ ကျန်းမာသန်စွမ်းရေးအတွက် ရေကူးအားကစား ပြုလုပ်နိုင်စေရန်အတွက် ရည်ရွယ်၍ မုံရွာမြို့၊ ဒေါနခြံရပ်ကွက်ရှိ မြေ(၃.၄၆၁) ဧက အကျယ်၌ တည်ဆောက်သွားမည့် ပွဲကြည့်စင်ပါ (Indoor Stdium)အဆင့်မြင့် ရေကူး ကန်နှင့် ဒိုင်ပင်ကန် တည်ဆောက်ခြင်းလုပ်ငန်း ပန္နက်တောင်တင် မင်္ဂလာ အခမ်းအနားကို စက်တင်ဘာလ ၁၁ ရက်၊ နံနက်ပိုင်းတွင် အဆိုပါမြေနေရာ၌ ကျင်းပပြုလုပ်ရာ အခမ်း အနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရိကောလိပ်များများမှ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးနှင့် တာဝန်ရှိသူများမှ ပန္နက်တော်တင် မင်္ဂလာပြုလုပ်မည့် သတ်မှတ်နေရာများတွင် နေရာယူကြပြီး မင်္ဂလာအချိန်ကျရောက် သည်နှင့်တစ်ပြိုင်နက် ပန္နက်တော်တင် မင်္ဂလာပြုလုပ်ခဲ့ကြပြီး အမွှေးနံ့သာရေများ ပတ် ဖျန်းကာ ရွှေမိုး၊ငွေမိုးများ ရွာသွန်းဖြိုးကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား တည်ဆောက်ရေး တာဝန်ခံမှ ပွဲကြည့်စင်ပါ (Indoor Stdium)အဆင့်မြင့် ရေကူးကန်နှင့် ဒိုင်ပင်ကန် တည် ဆောက်သွားမည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာ ဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ရုံး အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် စည်ပင်သာယာရေးအဖွဲ့ရုံး ဝန်ထမ်းများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက စည်ပင်သာယာရေးအဖွဲ့များအနေ ဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့များအား မြို့အင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ရေနှုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေး၊ ဈေးများ၊ပန်းခြံများနှင့် အပန်းဖြေနေရာများအား အမြဲသန့်ရှင်းသာယာလှပအောင် ဆောင်ရွက်သွားကြရန် လိုအပ် ပါကြောင်း၊ ယာဉ်အန္တရာယ်၊လမ်းအန္တရာယ် ကင်းရှင်းစေရေးအတွက် လမ်းမကြီးဘေး/ဝဲ ယာရှိ ဈေးဆိုင်ခန်းများ စနစ်တကျ ဖွင့်လှစ်ရောင်းချသွားကြရန်နှင့် အမှိုက်များစနစ်တကျ စွန့်ပစ်သွားရေးတို့အား စည်ပင်သာယာရေးဝန်ထမ်းများမှ အသိပညာပေးလုပ်ငန်းများ စဉ် ဆက်မပြတ် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ကန်သာ ယာကန် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများအား လိုက်လံ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
