မုံရွာ၊ ဒီဇင်ဘာ ၉
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှု အထိမ်းအမှတ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံနှင့် တက္ကသိုလ် /ဒီဂရီကောလိပ် ပေါင်းစုံ အားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၉ ရက် ၊ ညနေပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းတွင် ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီး ချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်ဝန်ထမ်းများ၊ ဝန်ကြီးဌာနများနှင့် တက္ကသိုလ်/ဒီဂရီကောလိပ် များမှ ပြိုင်ပွဲဝင်အသင်းအုပ်ချုပ်သူများနှင့် အားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ယနေ့ကျင်းပသည့် ဝန်ကြီးဌာန ပေါင်းစုံနှင့် တက္ကသိုလ်/ဒီဂရိကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပပေးရခြင်းအနေဖြင့် ဌာနဆိုင်ရာများ၊ မိသားစုဝင်များနှင့် ကျောင်းသား၊ကျောင်းသူများ ကျန်းမာကြံ့ ခိုင်၍ လုပ်ငန်းခွင်တွင်ပျော်ရွှင်သည့် ဝန်ထမ်းကောင်းဖြစ်လာစေရန်၊ လုပ်ငန်းစွမ်းဆောင် ရည်တိုးတက်မြင့်မားလာစေရန်၊ စိတ်ဖိစီးမှုများလျော့နည်းလာစေရန်နှင့် ဌာနဆိုင်ရာ အချင်း ချင်း ချစ်ကြည်ရင်းနှီးမှုရရှိလာစေရန် ရည်ရွယ်၍ ယခုလိုအားကစားပြိုင်ပွဲများအား ကျင်းပပေးရခြင်း ဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင် အားကစားသမားများအနေဖြင့်လည်း ယှဉ်ပြိုင်လျှင်အနိုင်ရမည်ဆိုသည့် အားကစားစိတ်ဓါတ်ဖြင့် အနိုင်မခံအရှုံးမပေး ဇွဲစိတ်ဓါတ် အားအရင်းခံပြီး တရားသောယှဉ်ပြိုင်ခြင်းဖြင့် သန့်သန့်ရှင်းရှင်း ယှဉ်ပြိုင်ကစားသွားကြရန်နှင့်မိမိတို့၏ဌာနဂုဏ်ကို အားကစားဖြင့် မြှင့်တင်ပေးသွားကြရန် လိုအပ်ပါကြောင်း၊ ပြိုင်ပွဲများ၏ ဒိုင်လူကြီးများအနေဖြင့် တရားမျှတစွာကြီးကြပ်ဆောင်ရွက်ကာ အားပေးမည့်ဝန် ထမ်းမိသားစုဝင်များအနေဖြင့်လည်း မျှမျှတတအားပေးကြပြီး စည်းလုံးညီညွတ်မှုပျက် ပြားစေမည့် အားပေးမှုမျိုးများအား ရှောင်ကျဉ်သွားကြရန်နှင့် ပြိုင်ပွဲကျင်းပရေးကော်မတီမှထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများအား လေးစားလိုက်နာ ဆောင်ရွက် သွားကြရန် လိုအပ်ပါကြောင်း ပြောကြားကာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှုအထိမ်းအမှတ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံနှင့်တက္ကသိုလ်/ဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲများအား ဖွင့်လှစ်ပေးခဲ့သည်။
ယင်းနောက် ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များက ပြိုင်ပွဲဝင် အသင်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် တိုင်း ဒေသကြီးအစိုးရ အဖွဲ့ဝင်များနှင့် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသူများက မုံရွာ မြို့ပေါ်ရှိ အခြေခံပညာကျောင်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ ဘင်ခရာ/ပန်းပွား၊ Fitness Dance အကများဖြင့် တီးခတ်ကပြဖျော်ဖြေမှုများအား ကြည့်ရှုအားပေးကြ သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တိုင်းဒေသကြီး ဂုဏ်ဆောင် ထူးချွန်အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ကြပြီး တီးခတ်ကြပြဖျော်ဖြေပေးခဲ့ကြသည့် ဘင်ခရာ/ပန်းပွား၊ Fitness Dance အကအဖွဲ့များ နှင့်အလံကိုင်၊ ဆိုင်းဘုတ်ကိုင်အဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငေွများ အသီးသီး ပေးအပ်ချီး မြှင့်ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မုံရွာတက္ကသိုလ် ဘောလုံးအသင်းနှင့် ပဉ္စအားမာန်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုတို့အား ကြည့်ရှု အားပေးကြရာ မုံရွာတက္ကသိုလ်အသင်းမှ ပဉ္စအားမာန်အသင်းအား အနိုင်ရရှိသွားသည်။
အဆိုပါ ၂၀၂၅-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနများ နှင့်တက္ကသိုလ်/ဒီဂရီကောလိပ်များ အားကစားပြိုင်ပွဲများအား ဒီဇင်ဘာလ ၉ရက်နေ့မှ ၂၇ရက်နေ့အထိ အားကစား နည်း ၁၂ နည်းအား ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး ဝန်ကြီး ဌာနများနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ပြိုင်ပွဲဝင်အသင်း ၁၄ သင်းမှ ပြိုင်ပွဲဝင်အားကစားသမား စုစုပေါင်း ၁၂၈၅ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။







