
ရွှေဘိုမြို့နယ် ဘုတ်ကုန်းကျေးရွာ၌ ကွင်းဆင်းဆေးကုသခြင်းဆောင်ရွက်
ရွှေဘို ၊ ဇူလိုင် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ် ပြည်သူ့ ဆေးရုံကြီးမှ အထူးကုဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများသည် နိုင်ငံတော်၏ ရက်(၁၀၀)စီမံချက်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ဇူလိုင်(၂၇)ရက်၊ နံနက်ပိုင်းက ရွှေဘို မြို့နယ် ဘုတ်ကုန်းကျေးရွာသို့ သွားရောက်ပြီးဒေသခံပြည်သူများနှင့် ကျောင်းသား၊ကျောင်းသူတို့အား ကျန်းမာရေး စောင့်ရှောက်မှုများ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ရွှေဘိုမြို့နယ် ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဦးဆောင်၍ အထူးကုဆရာဝန်ကြီးမျာနှင့် သမားတော်များကဖျားနာရောဂါ၊ခွဲစိတ်၊ ကလေးရောဂါ၊ သားဖွားမီးယပ်၊ မျက်စိ၊နား၊နှာခေါင်း၊ လည်ချောင်းရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေ ရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ဒေသခံပြည်သူများနှင့်ကျောင်းသားကျောင်းသူ စုစုပေါင်း (၇၉၃)ဦးခန့် လာရောက်ဆေးကုသမှု ခံယူခဲ့ကြောင်း သိရသည်။ အဆိုပါ ကွင်းဆင်းဆေးကုသရာသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက လာရောက်ကြည့်ရှု အားပေးခဲ့ပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
