မုံရွာ၊ ဇန်နဝါရီ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၁/၂၀၂၆) အစည်းအဝေးကို ဇန်နဝါရီလ ၂၇ ရက်၊ နံနက်ပိုင်းတွင်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ တွင်ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များ၊ တာဝန်ရှိသူ များနှင့် ကုမ္ပဏီလုပ်ငန်းရှင် များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှပ်နှံမှုလုပ်ငန်းအသစ်များ ဝင် ရောက်လာစေရန်နှင့် လက်ရှိလည်ပတ်နေသည့် ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများအား အဆင် ပြေပြေ ချောချောမွေ့မွေ့ အခက်အခဲများ ကြန့်ကြာမှုမရှိအောင် မိမိတို့တိုင်းဒေသကြီးအစိုး ရအဖွဲ့အပါအဝင် ဆက်စပ်ဌာနဆိုင်ရာအားလုံးက ဝိုင်းဝန်းပံ့ပိုး ကူညီဆောင်ရွက်သွားကြ ရန်လိုအပ်ပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း လက်ရှိလုပ်ငန်းများအပြင် အခြား ခြားသောလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်စေရန်၊ လုပ်ငန်းများအဆင်ပြေချောမွေ့အောင် ကြိုးစားသွားကြရန်နှင့် အခက်အခဲများရှိပါက သက်ဆိုင်ရာဌာနများသို့တင်ပြပြီး ပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ကော်မတီအဖွဲ့ဝင်များအနေဖြင့်လည်း မိမိတို့ တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုအသစ်များ ထပ်မံဝင်ရောက်လာစေရန်နှင့် ဝင်ရောက်ပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ရေရှည်ဆက်လက်ရပ်တည်နိုင်အောင်နှင့် ပိုမိုတိုး တက်အောင်မြင်အောင် ဝိုင်းဝန်းပူးပေါင်းဆောင် ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသ ကြီးရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဆင့်ဆင့်သန်းက ယခင်အစည်းအဝေးဆုံးဖြတ်ချက်များ၏ ဆောင်ရွက်ပြီးစီးမှု အခြေ အနေများနှင့် ဇန်နဝါရီလအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့မှုလုပ်ငန်းများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ရာနှုန်းပြည့် မြန်မာနိုင်ငံ သားရင်းနှီးမြှပ်နှံမှုဖြင့် Royal Sapphier Ruby Family Co,ltd မှ စစ်ကိုင်းမြို့တွင် SKD စနစ်ဖြင့် နှစ်ဘီး၊သုံးဘီးဆိုင်ကယ် အပိုပစ္စည်းအမျိုးမျိုး တပ်ဆင်ထုတ်လုပ်ဖြန့်ဖြူးရောင်း ချခြင်း လုပ်ငန်းဆောင်ရွက်ခွင့်ပါရန် အတည်ပြုလျှောက်ထားလွှာ တင်ပြလာခြင်းကိစ္စနှင့် တိုင်းဒေသကြီး ရင်းနှီးမြှပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် သံနှင့်သံမဏိအခြေခံပစ္စည်း များ ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် Sagaing Steel Industry Co,ltd မှ ရင်းနှီးမြှပ်နှံမှုပမာဏ တိုးမြှင့်ခွင့်ပြုပါရန် တင်ပြလာခြင်းကိစ္စများအား Power Point ဖြင့် ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များက မိမိတို့တာဝန် ယူဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ပေးသွားမည့် အခြေအနေများအား ရှင်း လင်းပြောကြားကြသည်။
ထို့နောက် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်း အဝေးသို့ တက်ရောက်လာသူများ၏ အသီးသီးရှင်းလင်း ဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်း စပ် ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။



