မုံရွာ အောက်တိုဘာ ၃၁   

            စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ သယံဇာတရေးရာ ဝန်ကြီး ဦးတင်သန်းဝင်း၊ လူမှုရေးရာဝန်ကြီး ဦးအေးလိူင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါလျှက် အောက်တို ဘာလ (၃၀)ရက်၊ နံနက်ပိုင်းတွင် ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ပင်းမာကျေးရွာ  ချင်းတွင်းတံတား (ထမံသီ)တည်ဆောက်ရေး ရှင်းလင်းဆောင်သို့ ရောက်ရှိကြသည်။

            ရှေးဦးစွာ တံတားတည်ဆောက်အထူးအဖွဲ့(၂)မှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးအောင်သီဟ က ချင်းတွင်းတံတား(ထမံသီ) တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

            ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့ကို ဆက်သွယ်ပေးမည့် ချင်းတွင်းမြစ်ကူး ချင်းတွင်း တံတား(ထမံသီ) တည်ဆောက်ပြီးစီးပါက လေရှီးမြို့နယ်၊ ဆွပ္မရာမြို့နှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာ များမှ ဒေသခံပြည်သူများ လူမူစီးပွားရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် များစွာအကျိုးပြုမည့် တံတား ဖြစ်ပါ၍ တည်ဆောက်ရေးလုပ်ငန်းများကို အမြန်ပြီးအောင်သက်မှတ် စံချိန်စံညွှန်းများနှင့်အညီ တည် ဆောက်စေလိုပါကြောင်း၊ လုပ်ငန်းပမာဏကြီးမားပြီး အချိန်ပြည့်လုပ်ဆောင်နေကြပါ၍ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးကိုလည်း သတိပြုစေလိုပါကြောင်း၊ တံတားတည် ဆောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများနှင့် ရင်းနှီးစွာဆက်ဆံကာ ၎င်းတို့၏ လယ်ယာစိုက်ပျိုးရေး ဆောင်ရွက်မှုများကိုလည်း ထိခိုက်မှုမရှိအောင် ဆောင်ရွက်စေလိုပါကြောင်းတို့ကို အလေးအနက် ထားကာ အသေးစိတ်မှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင် ရွက်ပေးခဲ့သည်။

            ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ချင်းတွင်း တံတား(ထမံသီ) တည်ဆောက်နေမှုလုပ်ငန်းများ၊ ဘိုးပိုင်တူးခြင်းနှင့် ချဉ်းကပ်လမ်းဖောက်လုပ်နေမှု တို့အား လှည့်လည်ကြည့်ရှု့ စစ်ဆေးခဲ့ကြသည်။

            အဆိုပါ ချင်းတွင်းတံတား(ထမံသီ)သည် ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ပင်းမာ-ထမံသီ-လေရှီးမြို့-ပန်ဆပ်-ဆွပ္မရာမြို့ လမ်းပေါ်တွင် ချင်းတွင်းမြစ်က်ိုဖြတ်၍ တံတားအမျိုးအစား - သံကူကွန် ကရစ်တံတားဖြစ်ပြီး တံတားအရှည် - ၈၀၁ မီတာ x ၉.၄ မီတာ ၊ တံတားအခန်းဖွင့် - ၁၂၀ မီတာ၊ သံမဏီသံဘောင် x ၄ ခန်း+မီတာ ၃၀ ကြိုတင်အားဖြည့် သံကူကွန်ကရစ် ယက်မ x ၁၀ ခန်း + မီတာ ၂၀ ကြိုတင်အားဖြည့် သံကူကွန်ကရစ် ယက်မ ၁ ခန်း၊ ရေလမ်းကင်လွတ်အမြင့် ၄၀ ပေ(HFL) အကျယ် - ၃၃၈ ပေဖြစ်ကြောင်း သတင်းရရှိသည်။

သတင်း အချက်အလက်