မုံရွာ နိုဝင်ဘာ ၁   

                စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမှုရေးရာဝန်ကြီး ဦးအေးလိူင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါလျှက် အောက်တိုဘာလ (၁)ရက်၊ မွန်းလွဲပိုင်းတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ လေရှီးမြို့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းတွင် ကျင်းပသော မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဒေသခံတိုင်းရင်းသားများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကားပြောကြားပြီး နာဂဦးစီးအဖွဲ့ ဥက္ကဌ ဦးထွန်းထွန်းဝင်းက  နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။

                ဆက်လက်၍ လေရှီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်မြင်က မြို့နယ်ဆိုင်ရာ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ လမ်းပန်းဆက်သွယ်ရေးများနှင့် ကိုဗစ်-၁၉ ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

                ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက မိမိတို့ဌာနများအလိုက် လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြကြသည်။

                ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ၄၀ လီတာဆံ့ အောက်ဆီ ဂျင်အိုး ၄၀ လုံး၊ Concentrator ၅ လုံး၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ငွေ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ၊ စားသောက်ဖွယ်ရာများ၊ အားကစားပစ္စည်းများနှင့် ဒေသခံ တောင်သူများအတွက် စိုက်ပျိုးရေးသုံးပစ္စည်းများအား တာဝန်ရှိသူများထံ အသီးသီးပေးအပ်ခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိဂုံးချုပ် စကားပြောကြားကာ အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးခဲ့သည်။

                ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် လေရှီးမြို့၊ ပြည်သူ့ဆေးရုံသို့ ရောက်ရှိရာ ဆေးရုံအုပ်ကြီး၊ ဆရာဝန်များ၊ သူနာပြုများနှင့် ဝန်ထမ်းများက ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက်ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆေးရုံဝန်ထမ်းများနှင့် ဆေးကုသမှုခံယူနေသော လူနာများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများအား ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများထံ ပေးအပ်ခဲ့ပြီး ဆေးကုသမှုခံယုနေသော ဒေသခံတိုင်းရင်းသားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးပြီး လေရှီးမြို့၊ ထေရဝါဒဗုဒ္ဓသာသနာပြု ဗဟိုဌာန ဘုန်းတော်ကြီးကျောင်းတိုက်သို့ ရောက်ရှိရာ ဆရာတော်ကြီးထံ သင်္ကန်း၊ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

                ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မြို့မ နှစ်ခြင်းခရစ်ယာန်ကျောင်းသို့ ရောက်ရှိရာ အသင်းအုပ်ဆရာ ဦးဆန်းဒေးထံ စာသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်း အချက်အလက်