မုံရွာ နိုဝင်ဘာ ၉

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်နှင့် တာဝန်ရှိသူများလိုက်ပါလျှက် နိုဝင်ဘာလ (၈)ရက်၊ မွန်းလွဲပိုင်းတွင် မုံရွာပညာရေးကောလိပ်၊ ပညာရတနာခန်းမတွင် ကျင်းပသော မုံရွာပညာရေးဒီဂရီကောလိပ်သို့ အသစ်ခန့်ထားသော  နည်းပြ၊ သရုပ်ပြများနှင့် အခြေခံပညာဦးစီးဌာနသို့ အသစ်ခန့်ထားသော အလယ်တန်းပြ၊ မူလတန်းပြ ဆရာ/ဆရာမ သစ်လွင်များအား ကြိုနှုတ်ဆက်ခြင်းနှင့် မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

                ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကား ပြောကြားရာတွင် “ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးမှာ အရေးပါတဲ့ ထောက်တိုင်တစ်ခုဖြစ်တဲ့ ပညာရေးကဏ္ဍမှာ တာဝန်ထမ်းဆောင်ကြမည့် ဆရာ၊ဆရာများကို တွေ့ဆုံရတာ အလွန်မင်္ဂလာရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ အခြေခံပညာကျောင်းများမှာ ဆရာ၊ကျောင်းသားအချိုး ကောင်းမွန်တိုးတက်ရေးနဲ့ ဆရာ၊ဆရာမများရဲ့ သင်ကြားမှုအရည်အသွေး ပြည့်၀စေရေးကို နိုင်ငံတော်အနေနဲ့ ဦးစားပေးဆောင်ရွက်လျက် ရှိနေတာနဲ့အညီ ဆရာ၊ ဆရာမအင်အား ဖြည့်တင်းခန့်အပ်ခြင်းနဲ့ အရည်အသွေးမြှင့်သင်တန်းများ ပို့ချခြင်းတို့ကို ဆောင်ရွက်နေတာဖြစ်ပါကြောင်း၊ ဆရာ၊ဆရာမ သစ်လွင်များအနေဖြင့် ဆရာအတတ်ပညာဆိုင်ရာ အသိပညာ၊ အတတ်ပညာများရရှိဖို့နဲ့ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများကိုလည်း သိရှိနားလည်ဖို့ နိုင်ငံတော်မှာ အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ သင်ရိုးသစ်များကို ထိရောက်စွာ အကောင်အထည်ဖော် သင်ကြားလေ့ကျင့်ပေးလျက်ရှိပါကြောင်း၊ ဆရာ၊ဆရာများအနေဖြင့် မိမိတို့ရဲ့ အရည်အသွေးမြင့်မား တိုးတက်ရေးအတွက် အပြည့်အဝလ့လာမှတ်သား သွားကြဖို့လည်းတိုက်တွန်းလိုပါကြောင်း ” ပြောကြားခဲ့သည်။

                ယင်းနောက် မုံရွာပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းသိင်္ဂီကျော်က မုံရွာ ပညာရေးဒီဂရီကောလိပ်သို့ အသစ်ခန့်ထားသော  နည်းပြ၊ သရုပ်ပြများနှင့် အခြေခံပညာဦးစီးဌာနသို့ အသစ်ခန့်ထားသော အလယ်တန်းပြ၊ မူလတန်းပြ ဆရာ/ဆရာမ သစ်လွင်များအားကြိုနှုတ်ဆက်ခြင်းနှင့် မွမ်းမံသင်တန်းဖွင့်လှစ်သင်ကြားမည့် ဘာသာရပ်ဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

                ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မုံရွာပညာရေးဒီဂရီကောလိပ်ရှိ နည်းပြ၊ သရုပ်ပြ၊ ဆရာ/ ဆရာမများအတွက် ငွေကျပ် - ၇,၁၇၀,၀၀၀ (ခုနှစ်ဆယ့်တစ်သိန်းခုနှစ်သောင်း) ကျပ်အား ပေးအပ်ချီးမြှင့်ပြီး အခမ်းအနားကိုရုပ်သိမ်းကာ နည်းပြ၊ သရုပ်ပြ၊ ဆရာ/ဆရာမများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးခဲ့ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရိုင်/မြို့နယ်များရှိ အခြေခံပညာဦးစီးဌာနများသို့ အသစ်ခန့်အပ်လိုက်သည့် အထက်တန်းပြ ဆရာ၊ဆရာမ - ၃၀၃ ဦး၊ အလယ်တန်းပြ ဆရာ၊ဆရာမ - ၉၇ ဦး၊ မူလတန်းပြ ဆရာ၊ဆရာ - ၄၉၉ ဦး၊ စုစုပေါင်း - ၈၉၉ ဦး ခန့်အပ်ခဲ့ပြီး မုံရွာပညာရေးဒီဂရီကောလိပ်တွင် တာဝန်ထမ်းဆောင်ကြမည့် နည်းပြ၊ သရုပ်ပြ ဆရာ/ဆရာမ - ၁၇ ဦးနှင့် အလယ်တန်းပြ ဆရာ၊ဆရာမ - ၃၉ ဦး၊ မူလတန်းပြဆရာ၊ဆရာမ - ၁၈၃ ဦး စုစုပေါင်း ၂၃၉ ဦးအား မွမ်းမံသင်တန်းကို နိုဝင်ဘာလ(၈)ရက်နေ့မှ ဒီဇင်ဘာလ(၈)ရက်နေ့အထိ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းဘာသာရပ်၊ စီမံဘဏ္ဍာဘာသာရပ်၊ အလယ်တန်းသင်ရိုးသစ် ဘာသာရပ်၊ မူလတန်းသင်ရိုးသစ် ဘာသာရပ်များနှင့် သင်ကြားရေးဘာသာရပ်များ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်း အချက်အလက်