မုံရွာ နိုဝင်ဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၁-ခုနှစ်၊ (၁၃၈၃-ခုနှစ်) စုပေါင်းမဟာဘုံကထိန် အလှူတော် မင်္ဂလာအခမ်းအနားကို နိုဝင်ဘာလ(၁၄)ရက် နံနက်(၉)နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာန ဆိုင်ရာများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး နိုင်ငံတော်သြဝါဒါစရိယ မုံရွာမြို့၊ ဓမ္မပါရဂူပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာနနာယက အဘိဓဇ မဟာ ရဌဂုရု ဘဒ္ဒန္တ အရိယာလင်္ကာရ ဆရာတော်ကြီးထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဧည့်ပရိတ်သက်များက ရှစ်ပါးသီလခံယူဆောက်တည်ကြသည်။

ယင်းနောက် ဆရာတော်၊ သံဃာတော်များထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဧည့်ပရိတ်သက်များက ပရိတ်တရားတော်မြတ်အား နာယူကြည်ညိုပြီး တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

ဆက်လက်၍ ဆရာတော်၊ သံဃာတော်များထံ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် နှင့် တာဝန်ရှိသူများက ကထိန်လျာမြတ်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများအား အသီးသီးဆက်ကပ် လှူဒါန်းကြပြီး မုံရွာမြို့၊ အုတ်ကန်တောရစာသင်တိုက် ပဓာနနာယက၊ စစ်ကိုင်းတိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဌ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တ မာနိတ ဆရာတော်ကြီးထံတော်မှ အနုမော ဒနာ တရားနာယူကြည်ညိုပြီး လှူဒါန်း မှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနား မှူးမှ ဆရာတော်ကြီးများ၏ မဲကျသောပဒေသာပင်စာရင်းအား ဖတ်ကြားလျှောက်ထားသည်။

ထို့နောက် ဆရာတော်၊ သံဃာတော်များ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ် များက “ ဗုဒ္ဓသာသနံ စိရံ တိဌတု ” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြပြီး ဆရာတော်၊သဃာတော်များအား နေ့ဆွမ်းများဆက်ကပ် လှူဒါန်းခဲ့ကြသည်။

အဆိုပါ ၂၀၂၁-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်း၍ မုံရွာမြို့ပေါ်ရှိ ကျောင်းတိုက်ပေါင်း - ၃၃ ကျောင်းအား ပဒေသာပင် - ၄၅ ပင်စုစုပေါင်း တန်ဘိုးငွေကျပ် - ၂၉၃၅၇၉၅၀ (နှစ်ရာကိုးဆယ်သုံးသိန်း ငါးသောင်းခုနှစ်ထောင့် ကိုးရာငါးဆယ်) ကျပ်အား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်း အချက်အလက်