မုံရွာ နိုဝင်ဘာ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်းနှင့် တန်ဘိုးမြင့်စားသောက် ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ (၃၀)ရက် နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ စီးပွားရေးရာဝန်ကြီး ဦးဒေါ်ရီရီသန်း၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးကျော်ထွန်း၊ တိုင်းဒေသကြီးဥပဒေချုပ် ဒေါ်လှလှဝင်းနှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကား ပြောကြားရာတွင် “ ကလေးအလုပ်သမားများ လျော့နည်းပပျောက်စေရေးအတွက် သင့်လျော်ကောင်းမွန်တဲ့ အလုပ်အက်ိုင်ရရှိနိုင်ရန် ဒီကနေ့သက်မွေးပညာသင်တန်းအား ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မိမိတို့ဒေသနဲ့ စီးပွားရေးလုပ်ငန်းခွင် အခြေအနေများအရ လိုက်လျောညီထွေမှုရှိစေတဲ့ တစ်နည်းအားဖြင့် အခြေအနေပေးမဲ့လုပ်ငန်းများ အတွက်အသက်မွေးမှုနဲ့ ကျွမ်းကျင်မှုသင်တန်းများကို စဉ်ဆက်မပြတ်ဖွင့်လှစ်ပေးသွားရန် အစီအမံများ ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊ သင်တန်းသား၊သင်တန်းသူများကလည်း သင်တန်းကပို့ချပေးမည့် နည်းပညာရပ်များကို စာတွေ့လက် တွေ့လုပ်ငန်းများ ဆောင်ရွက်ရာမှာစိတ်ပါဝင်စားစွာဖြင့် နာယူမှတ်သားကြရန်၊ သင်တန်းကချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းများကိုလည်း အပြည့်အ၀ လိုက်နာကြရန်နှင့် အထူးသဖြင့်ရက်တိုကာလ သင်တန်း ဖြစ်တဲ့အတွက် သင်တန်းပျက်ရက်မရှိအောင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးသတိပေးချက်နှင့်အညီ တက်ရောက်ကြရန် မှာကြားလိုပါကြောင်း ” ပြောကြားခဲ့သည်။

ယင်းနောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်ဖြိုးက အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသ်ိမ်းနည်း သင်တန်းနှင့် တန်ဘိုးမြှင့်စား သောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက အခမ်းအနား သို့ တက်ရောက်လာကြသော သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးကြပြီး သင်တန်းတွင်အသုံးပြုမည့် တန်းဘိုးမြင့်စားသောက်ကုန် ထုတ်လုပ်မှုနှင့် အခြေခံ မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်း သင်ထောက်ကူပြုပစ္စည်းများအား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါ အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်းကို နိုဝင်ဘာလ(၃၀) ရက် နေ့မှ ဒီဇင်ဘာလ(၂၉)ရက်နေ့အထိ (၁)လအကြာ စာတွေ့လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသို့ သင်တန်းသား (၂၀)ဦး တက်ရောက်မည်ဖြစ်ကြောင်းနှင့် တန်ဘိုးမြင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းကို နိုဝင်ဘာလ(၃၀)ရက်နေ့မှ ဒီဇင်ဘာလ(၆)ရက်နေ့အထိ ရက် သတ္တပတ်ကြာ သင်ကြားပေးသွာမည်ဖြစ်ရာ သင်တန်းသား၊သင်တန်းသူ (၂၀)ဦးတက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသော တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ၏ (၇/၂၀၂၁)ကြိမ်မြောက် လုပ်ငန်းညှိနိုင်းအစည်းအဝေးသို့ တက်ရောက်ရာ စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်က ယခင်အစည်းအဝေးဆုံးဖြတ်ချက်များ၏ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ကွင်းဆင်းဝန်ဆောင်မှုပြုလုပ်မည့် စီမံချက်များနှင့် International Trade Center- ITC နှင့်ပူးပေါင်း၍ စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုမြှင့်တင်ရေး မဟာဗျူဟာစီမံကိန်း Action Plan တွင်ပါဝင်သည့် အချက်အလက်များအား ရှင်းလင်းတင်ပြကာ အစည်းအဝေးသို့ တက်ရောက်လာသူများက ရင်းနှီးမြုပ်နှံမှုဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ အထွေထွေအကြံပြု ဆွေးနွေးတင်ပြကြသည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အသီးသီးရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်း အချက်အလက်