မုံရွာ ဒီဇင်ဘာ ၃
တိုင်းဒေသကြီး အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ ဖွင့်လှစ်သည့် ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ (၂)ရက် ညနေပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပရာ ဖွင့်ပွဲ အခမ်း အနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး / ခရိုင် /မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ သင်တန်းသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ သင်တန်းနည်းပြများနှင့် သင်တန်းသို့တက်ရောက်ကြသော တိုင်းဒေသကြီး အတွင်း ရှိ မြို့နယ်များမှ သင်တန်းသူများ တစ်ဦးချင်းမိတ်ဆက်ကြသည်။

ယင်းနောက် တိုင်ဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကား ပြောကြားရာတွင် “ စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) အသင်းအနေနဲ့လည်း တိုင်းဒေသကြီး/ပြည်နယ် ပြိုင်ပွဲတွေမှာ နှစ်စဉ်နှစ်တိုင်း ဆုတံဆိပ်တွေရရှိခဲ့ကြတာကို အားလုံးအသိဘဲဖြစ်ပါကြောင်း၊ အားကစားကဏ္ဍတွေမှာ ကြံ့ခိုင်မှုများရှိလာပြီး နိုင်ငံတကာကို ထိုးဖောက်နိုင်သည်အထိ အောင်မြင်မှုများရရှိလာသည်ကို တွေ့ရှိရပါကြောင်း၊ မြန်မာ့အားကစားလောကတွင် နိုင်ငံ အတွက်ရွှေတံဆိပ်များ အများဆုံးရယူပေးနိုင်ခဲ့သည်မှာလည်း အမျိုးသမီးအားကစားများသာ ဖြစ်ပါကြောင်း၊ သင်တန်းသူများအနေဖြင့် အေရိုးဗစ် အားကစားနည်းရဲ့ စည်မျဉ်း၊ စည်းကမ်း ဥပဒေတွေနဲ့ ကစားကွက်တွေကို သဘောပေါက် နားလည်သွားကြမှာ ဖြစ်ပါကြောင်း၊ ယခုသင်တန်းကရရှိကြမဲ့ အသိပညာ၊ ဗဟုသုတတွေနဲ့ နည်းပညာတွေကို သင်တန်းမှာ ကြိုးကြိုးစားစား သင်ယူလေ့လာပြီး လက်တွေ့နယ်ပယ်အထိ အသုံးချသွားနိုင်ဖို့နဲ့ အမြဲတမ်းလေ့ကျင့် လှုပ်ရှားသင်ယူနေကြဖို့ကိုလည်း တိုက်တွန်းလိုပါကြောင်း ” ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က သင်တန်းနည်းပြများထံ ငွေကျပ် ၅ သိန်းအားပေးအပ်ချီးမြင့်ပြီး တာဝန်ရှိသူများနှင့်အတူ သင်တန်းသူများအား လိုက်လံနုတ်ဆက် အား ပေးခဲ့ကြသည်။
အဆိုပါ တိုင်းဒေသကြီး အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ ဖွင့်လှစ်သည့် ကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)သင်တန်းကို ဒီဇင်ဘာလ (၂)ရက်နေ့မှ၊ ဒီဇင်ဘာလ (၁၁)ရက် နေ့အထိ (၁၀)ရက်ကြာ သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းသို့ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ နည်းပြသင်တန်းသူ(၁)ဦး၊ အားကစားသမား သင်တန်းသူ(၁)ဦး တစ်မြို့နယ်လျှင် (၂)ဦးဖြင့် စုစုပေါင်းသင်တန်းသူ (၇၄)ဦး တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ဒီဇင်ဘာလ (၃)ရက် နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသော စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေး (၃၉/၂၀၂၁)သို့ တက်ရောက်ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကား ပြောကြားရာတွင် “ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရေး လုပ်ငန်းများ အရှိန်အဟုန်မြင့်ဆောင်ရွက် သွားကြရန်လိုအပ်ပါကြောင်း၊ အသက်-၁၂ နှစ်အထက်ကျောင်းသား၊ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံပေးရာတွင် စာရင်းများကျန်ရှိမှုမရှိအောင် တာဝန်ရှိသူ များက အထူးအလေးထားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိ သည့် မြို့နယ်၊ကျေးရွာများရှိ ပြည်သူများအား အချိန်မီကာကွယ်ဆေးထိုးနှံပေးရေး လုပ်ငန်းများအား တာဝန်ရှိသူများနှင့် ပူးပေါင်း၍ အမြန်ဆုံးထိုးနှံပေးသွားရန် လိုအပ်ပါကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုလျော့ပါးသွားသော်လည်း လုံးဝချုပ်ငြိမ်းသွားမှုမရှိသေးခြင်းနှင့် ဗီဇမျိုးကွဲပြောင်းလဲသည့် ရောဂါပိုးသစ်များ၏ အန္တရာယ်ကိုသတိပြုကာ သက်မှတ်စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ” ပြောကြားခဲ့သည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝင်ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများက နေ့စဉ်ရောဂါပိုး စစ်ဆေးတွေ့ရှိမှု အခြေအနေများ၊ ဆေးရုံတက်ရောက်ကုသမှုနှင့် ဆေးရုံဆင်းမှုအခြေအနေများ၊ အောက်ဆီဂျင်ထုတ်လုပ်သုံးစွဲမှု အခြေအနေများ၊ နယ်မြေလုံခြုံရေး ဆောင်ရွက်နေမှုအခြေအနေများနှင့် အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများ ကာကွယ်ဆေးထိုးနှံရေး သက်ဆိုင်ရာကျောင်းများ အခြေ ပြု၍ ဆေးထိုးနှံရေး ပြင်ဆင်ဆောင်ရွက်နေမှု လုပ်ငန်းများနှင့် သက်မှတ်လျာထားချက် ပြည့်မီရေး အတွက်ကာကွယ်ဆေးထိုးနှံမည့် အစီအမံများနှင့် ပတ်သက်၍ အသီးသီးအကြံပြု ဆွေးနွေးတင်ပြခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦမြတ်ကျော်က အသီးသီးအကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြသည်။

သတင်း အချက်အလက်