ဇန်နဝါရီ ၂၇
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ စိန်ပန်းဝါလမ်း၊ စိန်ပန်းပြာလမ်း၊ အောင်မြေလမ်းနှင့် စွယ်တော်လမ်း နိုင်လွန်ကတ္တရာလမ်းဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ(၂၇)ရက်၊နံနက်ပိုင်း၌ အဆိုပါမုခ်ဦးရှေ့တွင်ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် က “ စည်ပင်သာယာရေးအဖွဲ့များဟာ မြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့ရွာများသန့်ရှင်းသပ်ရပ်ပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်း၊လမ်း/တံတား၊ရေပေးရေးစသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းသစ်များ တည်ဆောက်ခြင်း၊ တည်ဆောက်ပြီးလုပ်ငန်းများအား ပြုပြင်ထိန်းသိမ်းခြင်း၊ စည်ပင်သာယာနှင့် သက်ဆိုင်သော အခွန်၊အခများ တိုးတက်ရရှိအောင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုတိုးတက်အောင်ဆောင်ရွက်ပေးခြင်းစသည့် လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင် ရွက်နေသည်ကို တွေ့ရှိရပါကြောင်း၊ မုံရွာမြို့ဟာ စစ်ကိုင်းတိုင်းဒေသကြီးရဲ့ မြို့တော်ဖြစ်သည်နှင့်အညီ စီးပွားရေးဖွံ့ဖြိုးတိုးတက်တဲ့ မြို့တစ်မြို့ဖြစ်ပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး မီးရထားလမ်း၊ ကားလမ်း၊ လေကြောင်းလမ်း၊ ရေကြောင်းလမ်းစတဲ့ လမ်းပန်းဆက်သွယ်ရေးအားလုံးကို အသုံးပြုနိုင်တဲ့ မြို့ဖြစ်ပါကြောင်း၊ ချင်းတွင်းအထက်ပိုင်းဒေသတွေဖြစ်တဲ့ ဟုမ္မလင်း၊ ခန္တီး၊ မော်လိုက်၊ ဖောင်းပြင်၊ ကလေး၊ ကလေး၀ ဒေသတို့အတွက် ကုန်စည်စီးဆင်းရာ အရေးပါသောမြို့ဖြစ်ပြီး ချင်းပြည်နယ်အတွက် အဓိကဝင်ပေါက်တစ်ခုဖြစ်တဲ့အပြင် နယ်စပ်ဒေသအိန္ဒိယနှင့် အဓိကဆက်သွယ်တဲ့အာရှ လမ်းမကြီးပေါ်မှာတည်ရှိပြီး စီးပွားရေးအရအရေးပါသော ကုန်စည်စီးဆင်းရာအချက်အခြာကျတဲ့ မြို့တစ်မြို့ဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ စီးပွားရေးဖွံ့ဖြိုးရန် လမ်းများအဆင့်မြှင့်တင်စေရေးအတွက် ဆောင်ရွက်စေရန်လိုအပ်တဲ့ နိုင်လွန်ကတ္တရာစက်ရုံတစ်ခုကို တည်ဆောက်ပေးခဲ့ပြီး ယခုနှစ်မှစလို့ နိုင်လွန်ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းတွေကို ဆောင်ရွက်ပေးခဲ့ကြောင်း ” ပြောကြားခဲ့သည်။
ယင်းနောက် မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အမှုဆောင်အရာရှိ ဒုတိယ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းက မြို့သစ်ရပ်ကွက်ရှိ စိန်ပန်းဝါလမ်း၊ စိန်ပန်းပြာလမ်း၊ အောင်မြေလမ်းနှင့် စွယ်တော်လမ်း နိုင်လွန်ကတ္တရာလမ်းများ ခင်းခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်၊ တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးကျော်ထွန်း၊ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်၊ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇော်တင်မိုးတို့က စိန်ပန်းဝါလမ်း၊ စိန်ပန်းပြာလမ်း၊ အောင်မြေလမ်းနှင့် စွယ်တော်လမ်း နိုင်လွန်ကတ္တရာလမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက အဆိုပါမုခ်ဦးရှေ့ တွင် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ စိန်ပန်းဝါလမ်း၊ စိန်ပန်းပြာလမ်း၊ အောင်မြေလမ်း နှင့် စွယ်တော်လမ်းတို့အား ကြည့်ရှုစစ်ဆေးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
(၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယနေ့ဖွင့်သည့် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်အတွင်းရှိ စိန်ပန်းဝါလမ်း၊ စိန်ပန်းပြာလမ်း၊ အောင်မြေလမ်း နှင့် စွယ်တော်လမ်းတို့သည် ယခင်ကတ္တရာလမ်းများမှ နိုင်လွန်ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ကာ စုစုပေါင်းလမ်း အလျား(၁၂၇၁၀)ပေ၊ အနံ(၁၈)ပေ၊ (၃)လက်မထု နိုင်လွန်ကတ္တရာလမ်းများဖြစ်ပြီး မုံရွာမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၁-၂၀၂၂ ခုနှစ်၊ Mini Budget မှ စုစုပေါင်းကုန်ကျငွေ - ကျပ်(၃၅၅.၈၁၀)သန်းဖြင့် ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။