မုံရွာ ၊ နိုဝင်ဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ် ၃/၂၀၂၃ ဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာလ ၁၆ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းသား၊သင်တန်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ခရိုင်/မြို့နယ်ရုံးများတွင် ကွန်ပျူတာအခြေခံ သင်တန်းများအား မုံရွာမြို့ အပါအဝင် တိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၆ ခရိုင်တွင် လစဉ်ဖွင့်လှစ်ပေးလျက်ရှိရာ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၁၈၆ ဦးအား သင်ကြားပေးနိုင်ခဲ့ပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအတွင်း လူငယ်များအနေဖြင့် ကွန်ပျူတာနည်းပညာ ဘာသာရပ်များအား ပိုမိုကျယ်ပြန့်စွာ အသုံးပြုနိုင်မှသာ အလုပ်အကိုင်အခွင့်အလမ်းများရရှိကြပြီး နည်းပညာဘက်တွင်လည်း ကျွမ်းကျွမ်းကျင်ကျင်၊ မှန်မှန်ကန်ကန် အသုံးပြုနိုင်မှာ ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့်လည်း တိုင်းဒေသကြီးအတွင်း ရုပ်ပိုင်းဆိုင်ရာများ ဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိသကဲ့သို့ တိုင်းဒေသကြီးအတွင်း လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေး၊ လူငယ် လူရွယ်များ အလုပ်အကိုင်အခွင့် အလမ်းများရရှိစေရေးအတွက် ဘက်ပေါင်းစုံမှ စီစဉ်ဆောင်ရွက်လျက်ရှိပြီး အနာဂတ်တွင် နိုင်ငံတော်တာဝန်များအား ပခုံးပြောင်းထမ်းဆောင်ကြရမည့် လူငယ် လူရွယ်များအား အသိပညာ၊ အတတ်ပညာများ တိုးပွားရရှိအောင်၊ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလဆိုသည့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊လူငယ်မောင်မယ်များအနေဖြင့် လူငယ်ဘဝကတည်းမှ သင်ယူသင့်၊သင်ယူထိုက်သည့် ပညာရပ်များအား သင်ယူတတ်မြောက် ထားကြမှသာလျှင် အရည်အချင်းရှိသည့် လူငယ်များဖြစ်လာမှာ ဖြစ်ပါကြောင်း၊ အရည်အချင်းရှိသည့်သူများ ဖြစ်လာမှသာလျှင် မိမိအကျိုး၊ မိမိပတ် ဝန်းကျင်အကျိုး၊ မိမိတိုင်းပြည်၊ မိမိနိုင်ငံ၏အကျိုးအား သယ်ပိုးထမ်း ရွက်နိုင်သည့် စွမ်းရည်ပြည့်ဝသော လူတော်လူကောင်းများ ဖြစ်လာမှာဖြစ်ပါကြောင်း၊ ယနေ့ဖွင့်လှစ်လိုက် သည့် ကွန်ပျူတာအခြေခံသင်တန်းတွင် တက်ရောက်ပညာသင်ယူကြမည့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် မိမိတို့ရရှိသည့် အခွင့်အရေးအား မိမိရရအသုံးချကာ ကြိုးစားသင်ယူ သွားကြရန်နှင့် မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုသည့် လူငယ်များဖြစ် အောင် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှခရိုင်ဦးစီးမှူးထံ သင်တန်းသား၊သင်တန်းသူများအတွက် ငွေကျပ် - ၈၂၆၀၀၀ (ရှစ် သိန်းနှစ်သောင်း
ခြောက်ထောင်ကျပ်)အား ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်းက ကွန်ပျူတာအခြေခံသင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား၊သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြပြီး သင်တန်းသား၊သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကွန်ပျူတာအခြေခံ သင်ကြားနေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများ နှင့်ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပေးသည်။

အဆိုပါ ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ် ၃/၂၀၂၃ သင်တန်းများအား တိုင်းဒေ သကြီးအတွင်းရှိ ကလေး၊ ကန့်ဘလူ၊ မုံရွာ၊ စစ်ကိုင်း၊ ရွှေဘိုမြို့နယ်များရှိ လူထုအခြေပြုဗဟိုဌာန Community Centre များတွင် တစ်ပြိုင်နက်ဖွင့်လှစ်ခဲ့ကြပြီး စုစုပေါင်း သင်တန်းသား၊သင်တန်း သူ ၆၈ ဦး တက်ရောက်သွားမည်ဖြစ်ရာ သင်တန်းကာလ ၁ လအကြာစာတွေ့၊လက်တွေ့ အခမဲ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

20231117 01

20231117 01

20231117 01

20231117 01

20231117 01

20231117 01

20231117 01

သတင်း အချက်အလက်