မုံရွာ ၊ နိုဝင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် နိုဝင်ဘာလ ၁၇ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာစီးပွားရေးတက္ကသိုလ်သို့ ရောက်ရှိရာ အစည်းအဝေး ခန်းမတွင် ပါမောက္ခချုပ်၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ/ဆရာများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့ တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ အဆင့်မြင့်ပညာကျောင်းများအား တစ်ပြေးညီဖွံ့ဖြိုး တိုးတက်ရေးအတွက် တာဝန်ရှိသူများနှင့်ပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပါမောက္ခချုပ်နှင့် ဆရာ/ဆရာမများအနေဖြင့်လည်း ကျောင်း၏လိုအပ်ချက်များအား ရင်းနှီးပွင့်လင်းစွာဖြင့် ဆွေးနွေးတင်ပြသွားကြရန် လိုအပ်ပါကြောင်း၊ ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနိုင်ရေး မိမိတို့အနေဖြင့် အလေးထားဆောင် ရွက်ပေး သွားမည်ဖြစ်ပါကြောင်း၊ လုံခြုံရေးအသိ၊သတိတို့ဖြင့် သွားလာနေထိုင်သွားကြရန်နှင့် ကျောင်းပတ်ဝန်းကျင် အမြဲသန့်ရှင်းသပ်ရပ်ရေး၊ ဥပဓိရုပ်ကောင်းမွန်စေရေးအတွက် တာဝန်ရှိ သူများမှ အမြဲသတိပြုဆောင်ရွက်သွားကြရန်နှင့် လိုအပ်ချက်များကိုလည်း ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် မုံရွာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သီတာကြူက သင်ကြား ရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို ဆွေးနွေးတင်ပြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မုံရွာတက္ကသိုလ်သို့ ရောက်ရှိရာ ပါမောက္ခချုပ်နှင့် ပါမောက္ခ/ဌာနမှူးများ၊ ဆရာ/ဆရာမများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နှုတ်ဆက်စကားပြောကြားသည်။
ထို့နောက် မုံရွာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်ကျော်သင်က ကျောင်း၏ လိုအပ်ချက်များအား ဆွေးနွေးတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက် များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာပညာရေးဒီဂရီကောလိပ်သို့ ရောက်ရှိရာ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ဆရာများနှင့် ရင်းရင်းနှီးနှီးတွေ့ ဆုံရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နှုတ်ဆက်စကားပြောကြားသည်။
ယင်းနောက် မုံရွာပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါက်တာ မင်းမင်းသိမ့်က ကျောင်း၏သင်ကြားရေးလုပ်ငန်းများနှင့် လိုအပ်ချက်များအား ဆွေးနွေးတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာစီးပွားရေးတက္ကသိုလ်နှင့် မုံရွာတက္ကသိုလ်ရှိ ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် အဝေးသင် စာမေးပွဲဖြေဆိုနေမှုများနှင့် မုံရွာပညာရေးဒီဂရီကောလိပ်ရှိ ဆရာ/ဆရာမများ B.Ed စာပေးစာယူစာမေးပွဲဖြေဆိုနေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။