မုံရွာ ဇန်နဝါရီ ၃၁ ရက်
စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်အတွင်းရှိကျေးရွာများ၌ NLD ပါတီ ထောက်ခံသူအစွန်းရောက်အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်အဖွဲ့များ၏ ဥပဒေမဲ့ခြိမ်းခြောက် လူသတ်မှု၊ မိုင်းထောင်ဖောက်ခွဲမှု၊ မီးရှို့မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရပြီး မိမိတို့၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံစိတ်ချရသည့်နေရာများတွင် ခေတ္တနေထိုင်နေကြရသူများအား နေထိုင်စားသောက်မှုအဆင်ပြေစေရန်နှင့် ၎င်းတို့၏ ဒေသများတွင် ပြန်လည်တည်ထောင်နေထိုင်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့်တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် စစ်ကိုင်းတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ အင်မထီးကျေးရွာမှ NLD ပါတီထောက်ခံသူ အစွန်းရောက်အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်အဖွဲ့များ၏ ဥပဒေမဲ့ခြိမ်းခြောက်လူသတ်မှု၊ မိုင်းထောင်ဖောက်ခွဲမှု၊ မီးရှို့ဖျက်ဆီးမှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသော ဒေသခံပြည်သူများအား လုံခြုံစိတ်ချရသည့်နေရာများတွင် ပြန်လည်ခေါ်ယူစုစည်း၍ လုံခြုံရေးနှင့် နေထိုင်စားသောက်နိုင်ရေးစီစဉ်ပေးခဲ့ပြီး  ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားကာ စား​သောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးခဲ့ပြီး တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။
 
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ မီးလောင်ဆုံးရှုံးခဲ့သည့် အင်မထီးကျေးရွာ၊ အိမ်ထောင်စုများအတွက် ငွေကျပ်(၂၅၀)သိန်း၊ ဆန်အိတ်(၂၅၀)အိတ်နှင့် ဆီ (၁၀) ပိဿ(၁၀)ပုံး၊ အခြားစားသောက်ဖွယ်ရာများ၊ သေဆုံးသူအမျိုးသမီးအတွက် ငွေကျပ်(၁၀) သိန်း၊ ဒဏ်ရာရရှိသူ အမျိုးသမီးအတွက် ငွေကျပ်(၃)သိန်းနှင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ ငါးသေတ္တာများ၊ ခေါက်ဆွဲခြောက်နှင့် စားသောက်ဖွယ်ရာများ၊ လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ထောင်စုများအတွက် တစ်အိမ်(၂)သိန်းကျပ်နှုန်းဖြင့် အိမ်ထောင်စု (၂၁၉)အိမ် ထောင်စု အတွက် စုစုပေါင်းငွေကျပ် (၄၄၁.၅)သိန်းနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။



 

ဇန်နဝါရီ ၃၁

          စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်းနှင့် တာဝန်ရှိသူများလိုက်ပါလျှက် ဇန်နဝါရီလ (၃၀)ရက်၊ မွန်းလွဲပိုင်းတွင် ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် ရွှေတောင်ဦး တိပိဋကဓမ္မပါရ မဟာဝိဟာရ ကျောင်းတိုက်ရှိ သီတင်းသုံးတော်မူကြသော ဆရာတော်၊ သံဃာတော် အရှင်သူမြတ် တို့အား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲနှင့် ကြာဇံများအား မုံရွာမြို့၊ ရန်ကင်းကျောင်းတိုက် ပဓာနနာယက ဒွိပိဋကဓရ၊ ဒွိပိဋကကောဝိဒ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညာဝံသ နာယကဆရာတော်ကြီးထံ ဆက်ကပ်လှူဒါန်းပြီး သာသနာ ရေးဆိုင်ရာများ လျှောက်ထားခဲ့ကြသည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ဆားလင်းကြီးမြို့နယ် အောင်ဇေယျမြို့သစ်ရှိ သီတဂူချင်းတွင်း သာမဏေကျော်ဗုဒ္ဓတက္က သိုလ်ကျောင်းတိုက်သို့ ရောက်ရှိရာ ဇန်နဝါရီလ (၂၇)ရက်နေ့ ညပိုင်းတွင် မီးလောင်မှု ဖြစ်ပွားခဲ့သည့် သံဃာနားနေဆောင် အလျား - ၆၀ ပေ၊ အနံ - ၂၀ ပေ၊ အမြင့် - ၂၄ ပေ၊ ငွေကျပ် - သိန်း(၂၀)ခန့်တန်ဘိုးရှိ ထန်းရွက်မိုး၊ ထရံကာ အဆောက်အဦအား လှည့် လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မီးလောင်းခဲ့သည့် သံဃာ ဆောင်အား သွပ်မိုး၊အုတ်ကာ၊ ကွန်ကရစ်အဆောက်အဦအဖြစ် အမြန်ပြန်လည်တည် ဆောက်ပြီးစီးရေး၊ ဆရာတော်၊ သံဃာတော်များ ဆွမ်းကွမ်းအခက်အခဲမရှိစေရေးနှင့် လုံခြုံ ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

                                           

ဇန်နဝါရီ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေး(၄/၂၀၂၂)ကို ဇန်နဝါရီလ(၂၈)ရက်၊ နံနက်(၉) နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်သန်းထိုက်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မုံရွာခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က  “ စစ်ကိုင်းတိုင်းဒေသကြီး အတွင်း မြို့နယ်များရှိ  ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီများအနေဖြင့် Phase 6 ကာကွယ်ဆေးများကို လျာထားရည်မှန်းချက်များအတိုင်း အောင်မြင်စွာထိုးနှံနိုင်ရေးအတွက်တာဝန်ရှိသူများက အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ကာကွယ် ဆေးထိုးနှံနိုင်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ အထူးအလေးထားဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် Oxygen ရရှိရေးအတွက် Oxygen Concentrator ၊ Oxygen Plant များရရှိရေး ဆောင်ရွက်ခဲ့ရာမှ ယခုအခါ အောက်ဆီဂျင်လိုအပ်ချက်မရှိဘဲ ပြည့်စုံနေပြီဖြစ်ပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ရောဂါပိုးစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများကို စဉ်ဆက် မပြတ်လုပ်ဆောင်သွားရန် လိုအပ်ပါကြောင်း၊ ရောဂါပိုးတွေ့ရှိပါကလည်း သက်မှတ် Center များတွင် ကန့်သတ်နေထိုင်နိုင်ရေးအတွက်  ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရန် လိုအပ်ပါကြောင်း၊ အသိပညာပေးခြင်းနှင့် ကြပ်မတ်စစ်ဆေးမှုများအား မလျော့ချဘဲ သတ်မှတ် စည်းကမ်းချက်များအတိုင်း ပြုမူနေထိုင်ကာ လိုက်နာရန်လိုအပ်ပါကြောင်းနှင့် မြို့နယ်များရှိ စည်ပင်သာယာဈေးများတွင် ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများမှ Mask ၊ Face Shield များ စနစ်တကျတပ်ဆင်၍ ရောင်းချဝယ်ယူကြရန် လိုအပ်ပါကြောင်း “ ပြောကြားခဲ့သည်။

ယင်းနောက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်က မိမိတို့အနေဖြင့် ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းများ၊ လုံခြုံရေးလုပ်ငန်းများနှင့် ပတ်သက်၍ တာဝန်ရှိသူများနှင့် ပေါင်းစပ်၍ ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းပြောကြားကာ  အစည်းအဝေးသို့တက်ရောက်လာကြသော တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများက နေ့စဉ်ရောဂါပိုး စစ်ဆေးတွေ့ရှိမှု၊ ဆေးရုံတက်ရောက်ကုသမှုနှင့်ဆေးရုံဆင်းမှု၊ သတ်မှတ်လျာထားချက်ပြည့်မီအောင် ကာကွယ်ဆေးထိုးနှံမှု အခြေအနေများ အောက်ဆီဂျင်ထုတ်လုပ်သုံးစွဲမှု၊ မြို့ဝင်မြို့ထွက်နေရာများ တွင် ကျန်းမာရေးစစ်ဆေးရေး စခန်းများချထား၍ စစ်ဆေးဆောင်ရွက်နေမှုနှင့်  လုံခြုံရေးဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီးအကြံပြု ဆွေးနွေးတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီးဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးပြီး နိဂုံးချုပ် စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

ဇန်နဝါရီ ၂၇

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ စိန်ပန်းဝါလမ်း၊ စိန်ပန်းပြာလမ်း၊ အောင်မြေလမ်းနှင့် စွယ်တော်လမ်း နိုင်လွန်ကတ္တရာလမ်းဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ(၂၇)ရက်၊နံနက်ပိုင်း၌ အဆိုပါမုခ်ဦးရှေ့တွင်ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် က “ စည်ပင်သာယာရေးအဖွဲ့များဟာ မြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့ရွာများသန့်ရှင်းသပ်ရပ်ပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်း၊လမ်း/တံတား၊ရေပေးရေးစသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းသစ်များ တည်ဆောက်ခြင်း၊ တည်ဆောက်ပြီးလုပ်ငန်းများအား ပြုပြင်ထိန်းသိမ်းခြင်း၊ စည်ပင်သာယာနှင့် သက်ဆိုင်သော အခွန်၊အခများ တိုးတက်ရရှိအောင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုတိုးတက်အောင်ဆောင်ရွက်ပေးခြင်းစသည့် လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင် ရွက်နေသည်ကို တွေ့ရှိရပါကြောင်း၊ မုံရွာမြို့ဟာ စစ်ကိုင်းတိုင်းဒေသကြီးရဲ့ မြို့တော်ဖြစ်သည်နှင့်အညီ စီးပွားရေးဖွံ့ဖြိုးတိုးတက်တဲ့ မြို့တစ်မြို့ဖြစ်ပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး မီးရထားလမ်း၊ ကားလမ်း၊ လေကြောင်းလမ်း၊ ရေကြောင်းလမ်းစတဲ့ လမ်းပန်းဆက်သွယ်ရေးအားလုံးကို အသုံးပြုနိုင်တဲ့ မြို့ဖြစ်ပါကြောင်း၊ ချင်းတွင်းအထက်ပိုင်းဒေသတွေဖြစ်တဲ့ ဟုမ္မလင်း၊ ခန္တီး၊ မော်လိုက်၊ ဖောင်းပြင်၊ ကလေး၊ ကလေး၀ ဒေသတို့အတွက် ကုန်စည်စီးဆင်းရာ အရေးပါသောမြို့ဖြစ်ပြီး ချင်းပြည်နယ်အတွက် အဓိကဝင်ပေါက်တစ်ခုဖြစ်တဲ့အပြင် နယ်စပ်ဒေသအိန္ဒိယနှင့် အဓိကဆက်သွယ်တဲ့အာရှ လမ်းမကြီးပေါ်မှာတည်ရှိပြီး စီးပွားရေးအရအရေးပါသော ကုန်စည်စီးဆင်းရာအချက်အခြာကျတဲ့ မြို့တစ်မြို့ဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ စီးပွားရေးဖွံ့ဖြိုးရန် လမ်းများအဆင့်မြှင့်တင်စေရေးအတွက် ဆောင်ရွက်စေရန်လိုအပ်တဲ့ နိုင်လွန်ကတ္တရာစက်ရုံတစ်ခုကို တည်ဆောက်ပေးခဲ့ပြီး ယခုနှစ်မှစလို့ နိုင်လွန်ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းတွေကို ဆောင်ရွက်ပေးခဲ့ကြောင်း ” ပြောကြားခဲ့သည်။

ယင်းနောက် မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အမှုဆောင်အရာရှိ ဒုတိယ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းက မြို့သစ်ရပ်ကွက်ရှိ စိန်ပန်းဝါလမ်း၊ စိန်ပန်းပြာလမ်း၊ အောင်မြေလမ်းနှင့် စွယ်တော်လမ်း နိုင်လွန်ကတ္တရာလမ်းများ ခင်းခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်၊ တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးကျော်ထွန်း၊ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်၊ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇော်တင်မိုးတို့က စိန်ပန်းဝါလမ်း၊ စိန်ပန်းပြာလမ်း၊ အောင်မြေလမ်းနှင့် စွယ်တော်လမ်း နိုင်လွန်ကတ္တရာလမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက အဆိုပါမုခ်ဦးရှေ့ တွင် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ စိန်ပန်းဝါလမ်း၊ စိန်ပန်းပြာလမ်း၊ အောင်မြေလမ်း နှင့် စွယ်တော်လမ်းတို့အား ကြည့်ရှုစစ်ဆေးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

(၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယနေ့ဖွင့်သည့် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်အတွင်းရှိ စိန်ပန်းဝါလမ်း၊ စိန်ပန်းပြာလမ်း၊ အောင်မြေလမ်း နှင့် စွယ်တော်လမ်းတို့သည် ယခင်ကတ္တရာလမ်းများမှ နိုင်လွန်ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ကာ စုစုပေါင်းလမ်း အလျား(၁၂၇၁၀)ပေ၊ အနံ(၁၈)ပေ၊ (၃)လက်မထု နိုင်လွန်ကတ္တရာလမ်းများဖြစ်ပြီး မုံရွာမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၁-၂၀၂၂ ခုနှစ်၊ Mini Budget မှ စုစုပေါင်းကုန်ကျငွေ - ကျပ်(၃၅၅.၈၁၀)သန်းဖြင့် ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

ဇန်နဝါရီ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး ဒေသတည်ငြိမ်အေးချမ်းရေးနှင့် လုပ်ငန်းများအောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရေး ညှိနိုင်းအစည်းအဝေး အမှတ်စဉ် (၂/၂၀၂၂)ကို ဇန်နဝါရီလ(၂၆)ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီးတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ခရိုင်များမှ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က “ တိုင်းဒေသကြီးအတွင်း ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ခရိုင်နှင့် မြို့နယ်အလိုက် လုပ်ဆောင်ရမည့် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာများ၊ တိုင်းနှင့်ခရိုင်အဆင့်ဌာနဆိုင်ရာများမှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့်လုပ်ငန်းများအား သက်မှတ်ကာလအတွင်း ရာနှုန်းပြည့်ပြီးစီးရေးအတွက် ကြိုးပမ်းဆောင်ရွက်ရေး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့တို့၏ ညွှန်ကြားမှုများအပေါ် တိကျစွာလိုက်နာ အကောင်အထည်ဖော်ရေးနှင့် ဝန်ထမ်းများအားလုံးအနေဖြင့် မိမိတို့မူလတာဝန်များအပြင် လိုအပ်မှုအရ ပေးအပ်လာသည့် တာဝန်များကိုပါ ကျေပွန်စွာထမ်းဆောင်ရေး၊ ဝန်ထမ်းအချင်းချင်း သံယောဇဉ်တရားဖြင့် လုပ်ကိုင်နေထိုင်ရေးတို့အား'' ပြောကြားခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ခရိုင်များမှ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများက Video Conferencing စနစ်ဖြင့် မိမိတို့ ခရိုင်များအတွင်းရှိ ခရိုင်/မြို့နယ်များ၏ ဒေသတည်ငြိမ်အေးချမ်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှု၊ လျှပ်စစ်ဓာတ်အားခနှင့် အခွန်အခများကောက်ခံနေမှု၊ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများပြုလုပ်ပေးနေမှု၊ ကာကွယ်ဆေးများထိုးနှံပေးနေမှု၊ တင်ဒါစနစ်ဖြင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊မြို့ရွာသန့်ရှင်းသပ်ရပ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်း တင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများက တိုင်းဒေသကြီး အတွင်းရှိ ခရိုင် / မြို့နယ်များအတွင်း မိမိတို့ဌာနများအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်း တင်ပြကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ဒေသတည်ငြိမ်အေးချမ်းရေးလုပ်ငန်းများအား ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်း ဒေသတည်ငြိမ်အေးချမ်းရေးနှင့် လုပ်ငန်းများအောင်မြင်အောင်အကောင်အထည်ဖော်ဆောင်ရွက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီးအကြံပြုဆွေးနွေးတင်ပြချက်များ အပေါ်လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

 

ဇန်နဝါရီ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ(၁/၂၀၂၂) ကြိမ် မြောက်အစည်းအဝေးကို ဇန်နဝါရီလ(၂၅)ရက်၊ မွန်းလွဲ(၁)နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်က အမှာစကား ပြောကြားရာတွင် “ စစ်ကိုင်းတိုင်းဒေသကြီးမှာ ပြည်တွင်းခရီးသွားများ စိတ်ဝင်စားတဲ့၊ ထင်ရှားတန်ခိုးကြီးတဲ့ ဘုရားပုထိုးစေတီများ ရှိတဲ့ အပြင် ပြည်တွင်း/ပြည်ပခရီးသွားများ စိတ်ဝင်စားတဲ့ တောတောင်သဘာဝနဲ့ တိုင်းရင်းသား ရိုးရာဓလေ့များကို လေ့လာနိုင်တဲ့ခရီးစဉ်နေရာတွေလည်းရှိပါကြောင်း၊ ခရီးသွားလုပ်ငန်းက ရတဲ့ ဝင်ငွေစီးဆင်းမှုဟာ ဟိုတယ်/တည်းခိုရိပ်သာများအပြင် စားသောက်ဆိုင်လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ ဒေသထွက်အမှတ်တရ ပစ္စည်းအရောင်းဆိုင်လုပ်ငန်း၊ ဒေသ ဧည့်လမ်းညွှန်နဲ့အခြားဝန်ဆောင်မှုလုပ်ငန်းတွေကို ဝင်ငွေစီးဆင်းသွားတာကို မြင်တွေ့ရမှာ ဖြစ်ပါကြောင်း၊ ဒါ့အပြင်ခရီးသွားလုပ်ငန်းဟာ မြို့ပြဒေသသာမက၊ ကျေးလက်ဒေသတွေ မှာပါ ကျွမ်းကျင်တဲ့အလုပ်သမားအတွက်ရော၊ ကျွမ်းကျင်မှုနည်းတဲ့အလုပ်သမားအတွက်ပါ အလုပ်အကိုင်ဖန်တီးပေးနေတာမို့ တိုင်းဒေသကြီးကလည်း ဧရိယာကျယ်ဝန်းတာဖြစ်လို့ ခရီးသွားလုပ်ငန်းကို တိုးတက်ဖို့ကိုတက်နိုင်သမျှ အချိုးညီညီ ဒေသအလိုက်တာဝန်ရှိသူများ၊ ဒေသခံများနဲ့ ပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း ” ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ဒေသဆိုင်ရာခရီးသွားလုပ်ငန်းဆိုင်ရာများနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်သူဦးမှခရီးသွားလုပ်ငန်းကော်မတီ (၂/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးတွင် ခရီးသွားလုပ်ငန်းကော်မတီဥက္ကဌ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဖြည့်စွက်လမ်းညွှန်မှာကြားချက်များ၊ တိုင်းဒေသကြီးအတွင်း ဟိုတယ်/တည်းခိုရိပ်သာလုပ်ငန်းလိုင်စင်ပေးထားမှုအခြေအနေ၊ ဒီဇင်ဘာလအတွင်း တိုင်းဒေသကြီးရှိ ဟိုတယ်/တည်းခိုရိပ်သာ၊ စည်ပင်သာယာတည်းခိုခန်းများတွင် ခရီးသွားဝင်ရောက်တည်းခိုမှုအခြေအနေများနှင့် ဇန်နဝါရီလအတွင်း ခရီးသွားဝင်ရောက်တည်းခိုမှုအခြေအနေ၊ ဒီဇင်ဘာလအတွင်း တိုင်းဒေသကြီးအတွင်းထင်ရှားသည့် ခရီးစဉ်များကို ခရီးသွားများလာရောက်လည်ပတ်မှုအခြေအနေနှင့် ဟိုတယ်မိုး လုပ်ငန်းလိုင်စင်သက်တမ်း တိုးတင်ပြခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသူများမှ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဒေသဆိုင်ရာခရီးသွား လုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ အသီးသီးအကြံပြု ဆွေးနွေးတင်ပြကြသည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်း ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ အသီးသီး အကြံပြုဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။  

သတင်း အချက်အလက်