စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးသည် (၂၅-၃-၂၀၂၀) ရက်နေ့ ညနေပိုင်းတွင် တိုင်းဒေသကြီး ဥပဒေချုပ် ဦးခင်မောင်လှ အပါအဝင် စစ်ကိုင်းခရိုင်အဆင့်ဌာန၊ အဖွဲ့အစည်းများ၊ မြို့မိ မြို့ဖများနှင့် လူမှုရေး အသင်းအဖွဲ့များဖြင့် COVID-19 စောင့်ကြည့် လူနာများထားရှိမည့် စစ်ကိုင်းမြို့ နှစ်(၇၀၀)ပြည့်ကွင်းအတွင်း ကြိတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း၊ ဆက်လက်၍ မြင်းမူမြို့နယ်နှင့် မြောင်မြို့နယ်များတွင် တာဝန်ရှိသူများနှင့်အတူ COVID-19 စောင့်ကြည့် လူနာများအတွက် ကြိုတင်ပြင်ဆင် ထားရှိမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
(၂၇-၃-၂၀၂၀) ရက်နေ့ စစ်ကိုင်းမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည့် COVID-19 ကာကွယ်တားဆီးနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို တက်ရောက်ခဲ့ပြီး အဆိုပါ အစည်းအဝေးတွင် သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ပြီး COVID-19 ကာကွယ်တားဆီးနိုင်ရေး လုပ်ဆောင်နေမှု အခြေအနေများအား ရှင်းလင်း ပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသူများက ကာကွယ်တားဆီးရေး လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးမှ ရောဂါကာကွယ် တားဆီးရေး အစီအမံများအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ပါသည်။
ဆက်လက်၍ (၂၈-၃-၂၀၂၀) ရက်နေ့တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးသည် COVID-19လူနာ အမှတ် (၈) ဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်နေ အသက်(၆၀) နှစ်အရွယ် လူနာ (ဧည့်လမ်းညွှန်) အမျိုးသမီးမှ ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၁၆) ရက်နေ့အတွင်း သွားရောက်ခဲ့သည့် စစ်ကိုင်းတောင် ဆွမ်းဦးပုညရှင် စေတီတော်၊ ရွာထောင်ရပ်ရှိ ငွေထည်လုပ်ငန်း တစ်ခုနှင့် ပါရမီရပ်ကွက်ရှိ ထမင်းဆိုင်များသို့ သွားရောက်၍ လူနာနှင့် ထိတွေ့ခဲ့သူများကို ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်မှုအား ကြီးကြပ်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။