(၂၉.၃.၂၀၂၀) ရက်နေ့၊ နံနက် (၀၈:၃၀) နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် အဖွဲ့သည် ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့ အတွင်းရှိ ကျောက်မြောင်း-စဉ့်ကူး ဧရာဝတီမြစ်ကူးတံတား (ရတနာသိင်္ခတံတား)၌ ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့၍ လိုအပ်သည်များ ထောက်ပံ့ ပေးအပ်ခဲ့ပြီးနောက် ကျောက်မြောင်းတိုက်နယ် ဆေးရုံသို့ သွားရောက်၍ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံကာ ကူးစက်ရောဂါပြန့်ပွားမှု မရှိစေရေး ကျန်းမာရေး ဝန်ထမ်းများကစပြီး စနစ်တကျ လိုက်နာဆောင်ရွက် ကြရမည်ဖြစ်သည့်အပြင် ပြည်သူများ ပူးပေါင်းပါဝင်လာအောင် စည်းရုံးပညာပေးလုပ်ငန်းများ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း တိုက်တွန်း မှာကြားခဲ့ပါသည်၊၊
ဆက်လက်၍ (၂၉.၃.၂၀၂၀) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ရွှေဘိုမြို့ ပြည်သူ့ဆေးရုံ၌ ကျင်းပပြုလုပ်သော COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအတွက် အလှူရှင်များမှ အလှူငွေများနှင့် ကျန်းမာရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်းသည့် အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်ဇနီး ဒေါ်တင့်တင့် (ခ) ဒေါ်ချူးချူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးမိုးကျော်သူ၊ ရွှေဘိုခရိုင် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ ရွှေဘိုမြို့ ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူများနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက အနီးကပ်ကြီးကြပ်ပြီး သက်ဆိုင်ရာ ကော်မတီ အသီးသီးဖြင့် ပူးပေါင်း၍ ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို တိုင်းဒေသကြီးအတွင်း အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည့်အပြင် ကျန်းမာရေးဝန်ထမ်းများ အနေဖြင့်လည်း ပြည်သူများအား အသိပညာပေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ကွင်းဆင်း ဆောင်ရွက် ပေးစေလိုကြောင်းနှင့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီအဆင့်ဆင့်နှင့် ပူးပေါင်းဆောင်ရွက် ပေးစေလိုကြောင်း တိုက်တွန်းမှာကြားခဲ့ပြီး ရွှေဘိုမြို့ ပြည်သူ့ဆေးရုံအုပ်ကြီးမှ ကူးစက်ရောဂါကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ တင်ပြခဲ့ရာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်၊၊
အခမ်းအနားတွင် ကူးစက်ရောဂါကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အလှူရှင်များမှ လှူဒါန်းမှုများအား ရွှေဘိုမြို့ပြည်သူ့ ဆေးရုံအုပ်ကြီးက လက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်၊၊