စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဇလုံတောင်ခမိုးယာဉ်ရပ်နားစခန်းနှင့် ဆက်စပ်ဝန်ဆောင်မှုလုပ်ငန်းများ၊ ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများအား ဆောင်ရွက်ရန်အတွက် သဘောတူစာချုပ် ချုပ်ဆိုသည့် အခမ်းအနား တက်ရောက်
မတ် ၅
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Terrain Co,Ldt တို့အကြား ကသာခရိုင်၊ ဗန်းမောက်မြို့နယ် လေးသီကျေးရွာအုပ်စု၊ ခမိုးကျေးရွာအနီး ဗန်းမောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင်မြေ (၃၁.၅၄)ဧကအား B.O.T စနစ်ဖြင့် ဇလုံတောင်ခမိုးယာဉ်ရပ်နား စခန်းနှင့် ဆက်စပ်ဝန်ဆောင်မှုလုပ်ငန်းများ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများအား ဆောင်ရွက်ရန်အတွက် သဘောတူစာချုပ် ချုပ်ဆိုသည့် အခမ်းအနားကို မတ်လ(၄)ရက်၊ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အခမ်း အနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေမှူးနှင့် Terrain Co,Ldt မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စစ်ကိုင်းတိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများချမှတ်ခဲ့ပြီး ဆောင်ရွက်လျက်ရှိရာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသွားဇုန်(၅)ခုသတ်မှတ်၍ ဆောင်ရွက်ခဲ့ပါကြောင်း၊ ကသာခရီးသွားဇုန်အတွင်းရှိ ဇလုံတောင်ဒေသနှင့် ဇလုံတောင်ဘုရားသည် တန်ခိုးကြီးမားပြီး ဇလုံတောင်သို့ နှစ်စဉ်ခရီးသွားပြည်သူ (၅)သိန်းကျော် လာရောက်မှုရှိပြီး နှစ်စဉ်ခရီးသွား ဦးရေ တိုးတက်စည်ကားလျက်ရှိရာ ဘုရားဖူးများ ရာသီမရွေး သွားလာနိုင်ရေးအတွက် လည်းကောင်း၊ တည်းခိုနေထိုင်စားသောက်မှုများ အဆင်ပြေချောမွေ့လာစေရေးအတွက် လည်းကောင်း၊ ဘုရားဖူးကုသိုလ်ယူရင်းဖြင့် မြန်မာ့ရေမြေတောတောင် သဘာဝအလှကိုခံစားနိုင်ရန် ဒေသခံပြည်သူများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေး၊ အနီးအနားမှ ဒေသခံကျေးရွာများရှိ ပြည်သူလူထုများ၏ လူနေမှုအဆင့်အတန်းများ မြင့်မားလာစေရေးတို့ကို ရည်ရွယ်၍ စီမံကိန်း ချမှတ်အကေင်အထည်ဖော်ဆောင်ရွက်စေခြင်းဖြစ်ပါကြောင်း၊ ဗန်းမောက်ဒေသသာမက ကသာနှင့်အင်းတော်မြို့များပါ တပါတည်း ဖွံ့ဖြိုးတိုးတက်လာနိုင်ပါကြောင်း၊ လုပ်ငန်းလုပ်ကိုင် ဆောင်ရွက်မည့် Terrain Co,Ldt အနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ စနစ်တကျဆောင်ရွက်သွားရန်၊ သတ်မှတ်အချိန်အတွင်း အမြန်ပြီးစီးအောင် ဆောင်ရွက်သွားရန်၊ လုပ်ငန်းများ ဆောင်ရွက်မှုကိုလည်း တိုးတက်မှုအခြေအနေများအား အချိန်နှင့် တပြေးညီ တင်ပြသွားရန် မှာကြားလိုပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် Terrain Co,Ldt မှ တာဝန်ရှိသူတစ်ဦးက တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ အချက်အလက်များအား ရှင်းလင်းတင်ပြပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Terrain Co,Ldt တို့ လုပ်ငန်းအပ်နှံသည့် သဘောတူစာချုပ်အား တာဝန်ရှိသူများက စာချုပ်ချုပ်ဆိုလက်မှတ်ရေးထိုးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် လေးသီကျေးရွာအုပ်စု၊ ခမိုးကျေးရွာအနီး ဗန်းမောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင်မြေ (၃၁.၅၄)ဧကအား B.O.T စနစ်ဖြင့် ဇလုံတောင်ခမိုးယာဉ်ရပ်နားစခန်းနှင့် ဆက်စပ်ဝန်ဆောင်မှုလုပ်ငန်း မြေ(၂၃.၃၁)ဧက၊ ဟိုတယ် ဝန်ဆောင်မှုလုပ်ငန်း မြေ(၁၀.၂၃)ဧကတွင် တည်းခိုခန်း(၁၆၀)ခန်း၊ ဒေသထွက်ပစ္စည်း ရောင်းချ မည့်ဈေးဆိုင်ခန်းများ၊ ကားဂိတ်များ၊ သံဃာတော်များအတွက် သီးခြားအဆောင်များ၊ သစ်ခွပန်း ပျိုးဥယျာဉ်များအပြင် အဆင့်မြှင့်ဟိုတယ် ဝန်ဆောင်မှုများ၊ လူပုဂ္ဂိုလ်မရွေး သံဃာတော်များပါ စိတ်ချမ်းချမ်းသာသာဖြင့် ဘုရားဖူးနိုင်ရုံမက ဒေသထွက်ရိုးရာအမှတ်တရ ပစ္စည်းများလည်း ဝယ်ယူနိုင်မှာဖြစ်ကြောင်း သတင်းရရှိသည်။