မုံရွာ၊ ဩဂုတ် ၅
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးဥပဒေချုပ်ရုံးနှင့် တိုင်းဒေသကြီး ပညာရေးဌာနတို့ပူးပေါင်း ကျင်းပသည့် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ်(၂/၂၀၂၄) ကို သြဂုတ်လ ၅ ရက် နံနက် ၉ နာရီခွဲတွင် မုံရွာမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း (အလုံ) ရွှေလုံခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်က မုံရွာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှကျောင်းသားကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ဥပဒေရေးရာအသိပညာများကို သိရှိပြီးလေးစား လိုက်နာဆောင်ရွက်နိုင်ရန် အထူးလိုအပ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများသည် နိုင်ငံသား တစ်ဦးအနေဖြင့် နိုင်ငံ၏ဥပဒေရေးရာများကို သေချာစွာ သိရှိနားလည်ပြီး နိုင်ငံ့တာဝန်ကျေပွန်စေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံ၏အနာဂတ် ဖြစ်သည့်လူငယ်များကို ဥပဒေအသိပညာများ ပြန့်ပွားစေရန် ပို့ချပေးမည့် တိုင်းဒေသကြီးဥပဒေချုပ်ရုံးမှ ဥပဒေအရာရှိ များ၊ စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်မှ တရားသူကြီးများ၊ အမှတ်(၁၇)ယာဥ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ(စစ်ကိုင်း) ဒုတပ်ဖွဲ့ခွဲမှူး တို့အားကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်ဦးဇော်ထူး၊ တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်လှလှဝင်း နှင့် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နိုင်လင်း တို့က သင်တန်းသား သင်တန်းသူများအား အားပေးစကားများပြောကြားခဲ့ကြသည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် အဖွဲ့က သင်တန်းပို့ချပေးမည့် တိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှ ဥပဒေပညာ ရှင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး သင်တန်းပို့ချပေးနေမှုအား ကြည့်ရှုအားပေး ခဲ့ကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါသင်တန်းတွင် မုံရွာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ Grade 11 နှင့် Grade 12 တို့မှ ကျောင်းသားကျောင်းသူ (၁၅၀)အား လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးဥပဒေ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ တရားစီရင်ရေးအကြောင်း သိကောင်းစရာများ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ၊ လူကုန်ကူးမှုတိုက်ဖျက်ရေးဥပဒေ၊ ယာဥ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဥ်စီမံခန့်ခွဲမှု ဥပဒေတို့ကို သြဂုတ် ၅ ရက်မှ ၆ ရက် နေ့အထိ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။





