မုံရွာ စက်တင်ဘာ ၂၁
မုံရွာမြို့နေပြည်သူများ ငါးစားသုံးမှုဖူလုံစေရေး၊ ငါးသယံဇာတပေါကြွယ်ဝစေရေးနှင့် ငါးမျိုးစိတ်များရှင်သန်ပေါက်ဖွားရေးတို့အတွက် ရည်ရွယ်၍ စက်တင်ဘာလ ၂၁ ရက်နေ့၊ နံနက် ပိုင်းတွင် မုံရွာမြို့၊ အရှေ့ဘက်ကန်သာယာ သဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်ဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ စုမျိုးသွယ် က အရှေ့ဘက်ကန်သာယာ သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနား ကျင်းပရ ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက ၂ လက်မအရွယ် ရှိ ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ – ၂ သိန်းအား အရှေ့ဘက်ကန်သာယာ သဘာဝရေ ပြင်အတွင်း တပျော်တပါး စိုက်ထည့်ပေးခဲ့ကြသည်။ ယခုနှစ်မိုးရာသီတွင် ချင်းတွင်းမြစ်အတွင်း ငါးသားပေါက်ကောင်ရေ – ၄၂၅၀၀၀ (လေး သိန်းနှစ်သောင်းငါးထောင်)ကောင်နှင့် ဧရာဝတီမြစ်အတွင်း ငါးသားပေါက်ကောင်ရေ – ၄၅၀၀၀၀ (လေးသိန်းငါးသောင်း)ကောင်နှင့် သဘာ၀ ရေပြင်ကန်များအတွင်းသို့ ငါးသောက်ပေါက်ကောင် ရေ – ၆၅၀၀၀၀ (ခြောက်သိန်းငါးသောင်း)ကောင် စုစုပေါင်းကောင်ရေ – ၁၅၂၅၀၀၀ (တစ်ဆယ့်ငါး သိန်းနှစ်သောင်းငါးထောင်)ကောင်အား စိုက်ထည့်ပေးခဲ့ပြီးဖြစ်သည်။ ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့အား မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် အနောက်ဘက်ကန်သာယာကန် အဆင့်မြှင့်တင်ရေးလုပ်ငန်း လုပ်ငန်းခွင်သို့ ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က အနောက်ဘက်ကန်သာယာ ကန်ပတ်လမ်းအရှည် – ၅၅၀၀ ပေ၊ အကျယ် – ၁၈ ပေ နိုင်လွန်ကတ္တရာ ခင်းခြင်းလုပ်ငန်းများဆောင်ရွက်နေမှု၊ ပြည်သူများအပန်းဖြေခြင်းနှင့် ကျန်းမာရေးလေ့ကျင့်ခန်းများ ဆောင်ရွက်လုပ်ဆောင်နေမှု၊ စတီးလက်ရန်းများတပ်ဆင်သွားမည့်အစီအစဉ်နှင့် ကန်ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်နေမှု လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အနောက်ဘက်ကန်သာယာကန် အဆင့်မြှင့် တင်ခြင်းလုပ်ငန်းများအား သက်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးကောင်းမွန်စွာဖြင့် အချိန်မီပြီးစီးရေး၊ မြို့နေပြည်သူများ အားလပ်ရက်များတွင် စိတ်ပင်ပန်းမှုများပြေပျောက်စေရန်၊ ကန်ပတ်ဝန်းကျင်အားသန့်ရှင်းသာယာလှပရေးနှင့် အမြဲစိမ်းလန်းစိုပြည်ရေးဆောင်ရွက်ရန်တို့အား မှာကြားကာ တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန်ပတ်ဝန်းကျင် အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။






