မုံရွာ ၊ အောက်တိုဘာ ၉

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ် ၂/၂၀၂၃ ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၉ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် သင်တန်းသား၊သင်တန်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည်ချက်များချမှတ်ပြီး   အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့်လည်း တိုင်းဒေသကြီး အတွင်း ရုပ်ပိုင်းဆိုင်ရာများ ဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိသကဲ့သို့ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေး၊ လူငယ်လူရွယ်များ အလုပ်အကိုင်အခွင့် အလမ်းများရရှိစေရေးအတွက် ဘက်ပေါင်းစုံမှပေါင်းစပ်၍ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အနာဂတ်တွင် နိုင်ငံတော်တာဝန်များအား ပခုံးပြောင်းထမ်းဆောင်ကြမည့် နိုင်ငံတော်၏ ခေါင်း ဆောင်များဖြစ်လာကြမယ့် လူငယ်လူရွယ်များအား အသိပညာ၊  အတတ်ပညာများ တိုးပွားရရှိအောင် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလဆိုသည့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ဖွင့်လှစ်သည့် ကွန်ပျူတာသင်တန်းများ တက်ရောက်နေကြသည့် လူငယ်မောင်မယ်များအနေဖြင့် လူငယ်ဘဝကတည်းမှ သင်ယူသင့်၊ သင်ယူထိုက်သည်များအား သင်ယူ တက်မြောက်ထားကြမှသာလျှင် အရည်အချင်းပြည့်ဝသည့် လူငယ်များဖြစ်လာကြမှာ ဖြစ်ပါကြောင်း၊ အရည်အချင်းရှိသည့် လူငယ်များဖြစ်လာမှသာလျှင် မိမိအတွက်၊ မိမိပတ်ဝန်းကျင်အတွက်၊ မိမိတိုင်းပြည်၊ မိမိနိုင်ငံ၏အကျိုးအတွက် သယ်ပိုးထမ်းရွက်နိုင်သည့် စွမ်းရည်ပြည့်ဝသော လူတော်လူကောင်းများဖြစ်လာကြမှာ ဖြစ်ပါကြောင်း၊ ဒေသတွင်းလူငယ်များအပါအဝင် ပြည်သူတစ်ရပ်လုံး အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်  အထောက်အကူပြုစေမည့် ကွန်ပျူတာသင်တန်းများအား စဉ်ဆက်မပြတ်ဖွင့်လှစ်နိုင်ရေး လုပ်ဆောင်သွားကြရန် လိုအပ်ပါကြောင်း၊သင်တန်းနည်းပြများအနေဖြင့် အမှန်တကယ်တတ်မြောက်အောင် သင်ကြားပေးကြရန်နှင့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့်လည်း ကြိုးစားသင်ယူကာမိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုအောင် ကြိုးပမ်းဆောင်ရွက်သွားကြပါရန် တိုက်တွန်းပြာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှခရိုင်ဦးစီးမှူးထံ သင်တန်းသား၊ သင်တန်းသူများအတွက် ငွေကျပ် – ၉၆၀၀၀၀ (ကိုးသိန်းခြောက်သောင်းကျပ်)အား ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြား ရေးမှူး ဒေါ်ခင်စောလင်းက ကွန်ပျူတာအခြေခံသင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြပြီး သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကွန်ပျူတာအခြေခံ သင်ကြားနေမှုနှင့် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည့်ဆက်ဆံရေးဦးစီးဌာနရုံးရှိ Community Centre ခန်းမအတွင်းရှိ ပြခန်းငယ်၊ ကလေးစာဖတ်ခန်းအတွင်း ဆေးရောင်ခြယ်နေမှုနှင့် စာကြည့်တိုက်တို့အား လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ် ၂/၂၀၂၃ သင်တန်းများအား တိုင်းဒေသကြီးအတွင်းရှိ မုံရွာ၊ စစ်ကိုင်း၊ ရွှေဘို၊ ကလေး၊ ကသာ၊ ကန့်ဘလူမြို့နယ်များရှိ လူထုအခြေပြု ဗဟိုဌာန Community Centre များတွင် တစ်ပြိုင်နက်ဖွင့်လှစ်ခဲ့ကြပြီး စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ ၉၀ ဦး တက်ရောက်သွားမည်ဖြစ်ရာ သင်တန်းကာလ ၁ လအကြာစာတွေ့၊ လက်တွေ့ အခမဲ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

၉၁.jpg

၉၂.jpg

၉၃.jpg

၉၄.jpg

၉၅.jpg

၉၉.jpg