မုံရွာ ၊ ဇန်နဝါရီ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ အလုံရပ်ကွက်ရှိ တောင်သူ (၁၂)ဦး၏ ကြက်သွန်နီ ဧက(၇၀)စိုက်ခင်းသို့ရောက်ရှိကြရာ မုံရွာမြို့နယ်၊ စိုက်ပျိုးရေးဦးစီးမှူး ဦးစိုးသက်အောင်က တောင်သူ(၁၂) ဦးစိုက်ပျိုးထားရှိသော ကြက်သွန်နီ ဧက(၇၀) အထူးဇုန် စိုက်ခင်းစိုက်ပျိုးထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တောင်သူများအတွက် လိုအပ်သောစိုက် ပျိုးရေးနည်းပညာပေးခြင်းနှင့် သွင်းအားစုများကို အချိန်မီထည့်သွင်းခြင်းများ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ စိုက်ပျိုးထားသည့်သီးနှံများ အောင်မြင်ဖြစ်ထွန်းပြီး ပန်းတိုင်အထွက်နှုန်း ရရှိရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားခဲ့ပြီး ကြက်သွန်နီဧက(၇၀) အထူးဇုန် အောင်မြင်ဖြစ်ထွန်းနေမှုများအား ကြည့်ရှုစစ်ဆေးကာ လိုအပ်ချက်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အိုးဘိုတောင် ရပ်ကွက်၊ ချင်းတွင်းမြစ်ကမ်းရှိ မြေနုကျွန်းများတွင် မြေပဲသီးနှံ (၂၀)ဧက စံပြစိုက်ခင်းသို့ ရောက်ရှိပြီး တောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားသည်။

ထို့နောက် မုံရွာခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စန်းစန်းမြင့်နှင့် တောင်သူ များက တောင်သူ(၅)ဦးစိုက်ပျိုးထားရှိသော မြေပဲဧက(၂၀)၊ ၂ လခွဲသက်တမ်းရှိ မြေပဲဆင်းပဒေသာ(၁၁)မျိုး ၊ စိုက်ပျိုးဖြစ်ထွန်းနေမှုအခြေအနေတို့အား လိုက်လံရှင်းလင်းပြသခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တောင်သူများအား တစ်ဧက ပန်းတိုင် အထွက်နှုန်းရရှိရန် စိုက်ခင်းအတွက် လိုအပ်သည့် အပင်ပြုစုမှုနည်းပညာများ၊ ပိုးမွှားကင်း ထောက်မှတ်တမ်းများ အချိန်နှင့်တပြေးညီစောလျင်စွာ ကြိုတင်ရယူရေး၊ လိုအပ်ပါက မျိုးသစ်ပြောင်းလဲသုံးစွဲရေး၊ မြေဆီလွှာအာဟာရဖြည့်တင်းမှု ဆောင်ရွက်ရေး စိုက်ပျိုးရေး ဦးစီးဌာမှလည်း လိုအပ်သည့် စိုက်ပျိုးရေးနည်းပညာများ ပေးခြင်းများ ဆောင်ရွက်သွား ကြရန် တိုက်တွန်းမှာကြားကာ အောင်မြင်ဖြစ်ထွန်းလျက်ရှိသော မြေပဲစိုက်ခင်းများနှင့် စားဖို ဆောင်သီးနှံစိုက်ခင်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်သူများအနေဖြင့် စားဖိုဆောင် သီးနှံများ ယခုလိုစနစ်တကျစိုက်ပျိုးခြင်းဖြင့် အထွက်နှုန်းကောင်းမွန်ပြီး အရည်အသွေးပြည့်ဝသော သီးနှံများရရှိစေပြီး စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းကာ ကျန်းမာကြံ့ခိုင်သော လူနေမှုဘဝဖြင့် တောင်သူများ ဝင်ငွေတိုးတက်လာမည်ဖြစ်၍ အထူးအလေးထား စိုက်ပျိုး ပေးကြရန် ပြောကြားခဲ့ကြောင်း သိရသည်။

20240129 10

20240129 10