မုံရွာ ၊ ဖေဖော်ဝါရီ ၁
မုံရွာမြို့ပေါ်ရှိ ကျောင်းတိုက်ကြီးများတွင် သီတင်းသုံးတော်မူနေကြသော ဆရာတော်၊ သံဃာတော်များ ဆွမ်းအခက်အခဲမရှိစေရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြာဇံများ ဆက်ကပ်လှူဒါန်းပွဲကို ဖေဖော်ဝါရီလ ၁ ရက်နေ့၊ မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်၊ သဒ္ဓမ္မပဇ္ဇောတာရုံ ကျောင်းတိုက်ကြီးတွင် ကျင်းပရာ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာန ဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ သဒ္ဓမ္မပဇ္ဇောတာရုံကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက ဘဒ္ဒန္တ ဇောတိပါလာ လင်္ကာရ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ယင်းနောက် ဆရာတော်ကြီးနှင့် ပင့်သံဃာဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြာဇံများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အနုမောဒနာတရား နာယူကြည်ညိုပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ မဟာ လယ်တီကျောင်းတိုက်ကြီးသို့ ရောက်ရှိရာ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တ ဣဒ္နဝံသ ဆရာတော်ကြီးနှင့် ပင့်သံဃာဆရာတော်များထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်း များနှင့် ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြာဇံများ အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြပြီး သာသနာရေး ဆိုင်ရာများ လျှောက်ထားခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ပြည်သူ့အား ကစားကွင်းတွင် ကျင်းပပြုလုပ်လျက်ရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်အဖြစ် ရေဦးခရိုင် ဘောလုံးအသင်းနှင့် ခန္တီးခရိုင်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးကြသည်။
အဆိုပါ ၂၀၂၄-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင် ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကြီးကို ဇန်နဝါရီလ ၃၀ ရက်နေ့မှ ဖေဖော်ဝါ လ ၁၆ ရက်နေ့အထိ မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းတွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၁၃ ခရိုင်မှ ပြိုင်ပွဲဝင်အားကစားသမား ၂၈၆ ဦး ဝင်ရောက်ယှဉ် ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။






