မုံရွာ၊ ဧပြီ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြတ်စေတနာ(မြို့သစ်) ငွေစုငွေချေးသမဝါယမအသင်း လီမိတက်အသင်းသစ်ဖွဲ့စည်းခြင်း အခမ်းအနားကို ဧပြီလ ၂၄ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ ပြည်သူ့အငှားအိမ်ရာတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်သူ့အငှားအိမ်ရာနေ မိသားစုဝင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မြတ်စေတနာ (မြို့သစ်) ငွေစုငွေချေး သမဝါယမအသင်း လီမိတက်အသင်းသစ်ဖွဲ့စည်းပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်ကျော်လင်းကဝန်ထမ်းအိမ်ရာနှင့် ပတ်သက်၍ လည်းကောင်း၊ တိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှမြင့်က သမဝါယမအသင်း သစ်ဖွဲ့စည်းခြင်း ရည် ရွယ်ချက်နှင့် သမဝါယမချေးငွေလုပ်ငန်းများအား ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြတ်စေတနာ (မြို့သစ်)ငွေစုငွေချေးသမဝါယမအသင်း လီမိတက်အသင်းမှ တာဝန်ရှိသူတစ်ဦးထံ ပံ့ပိုးချေးငွေကျပ်- ၂၆၈၀၀၀၀၀ (နှစ်ရာခြောက်ဆယ်ရှစ်သိန်း)ကျပ်အား ပေးအပ်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။



