မုံရွာ၊ မေ ၁၄
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ကလေး)ဒေသကွပ်ကဲရေးမှူး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် မေလ ၁၄ ရက်၊ နံနက်ပိုင်းတွင် ကလေးခရိုင်၊ ကလေးမြို့ရှိ သူနာပြုသားဖွားသင်တန်းကျောင်း သို့ရောက်ရှိရာ သင်တန်းကျောင်းခန်းမတွင် ကလေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ ဌာနမှူးများ၊ နည်းပြဆရာ၊ဆရာမများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကလေးတက္ကသိုလ်အား ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် လိုအပ်သည့်ဆရာ၊ဆရာမများ ဖြည့်ဆည်း ပေးနိုင်ရန်အတွက် အထက်ဌာနများသို့ ဆက်လက်တင်ပြသွားမည် ဖြစ်ကြောင်း၊ ဆရာ၊ဆရာမ များနှင့်ကျောင်းသား၊ကျောင်းသူများ နေထိုင်၊သွားလာရေး အဆင်ပြေစေရန် ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ လျှပ်စစ်မီးနှင့် သောက်သုံးရေရရှိရေးတို့အတွက် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းနှင့် ကျောင်းပြန်လည်ဖွင့်လှစ်ရေးအတွက် လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် ကလေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာဝင်းမင်းလတ်က ကလေးတက္ကသိုလ်၏ သင်ကြားရေးလုပ်ငန်းများ ဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်း လင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကလေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်ထံ ထောက်ပံ့ငွေများပေးအပ်ပြီး တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် ပါမောက္ခဌာန မှူးများနှင့်၊ ဆရာ၊ဆရာမများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြပြီး တွေ့ဆုံပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါကျောင်းဝန်း အတွင်းရှိ စာသင်ဆောင်များ၊ ကျောင်းသား/ကျောင်းသူအိပ်ဆောင်များ၊ ထမင်းစားဆောင်များ နှင့်ကျောင်းဝန်းအတွင်းရှိ ဝန်ထမ်းနေအိမ်များအား လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကလေးမြို့၊ ကုတင် ၃၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိရာ ဆေးရုံအုပ်ကြီး၊ သူနာပြုများနှင့်ဝန်ထမ်းများမှ ကြို ဆိုနှုတ်ဆက်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ ဆေးရုံ အုပ်ကြီးထံ ဆေးရုံဝန်ထမ်းအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ ၏ထောက်ပံ့ ငွေဖြင့် အဆိုပါဆေးရုံကြီးအတွင်းရှိ အလျား – ၁၀၀ ပေ၊ အနံ – ၅၀ ပေ၊ အနက် ၈ ပေရှိ ရေကန်ပြန်လည်တူးဖော်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ၂၀၂၄-ခုနှစ်၊ အခြေခံ စာတတ်မြောက်ရေးလုပ်ငန်းများဆောင်ရွက်နေသည့် ကလေးမြို့၊ အောင်မေတ္တာရပ်ကွက်၊ ရတနာသီရိကျောင်းတိုက်၊ ဖောင်တော်ဦးဓမ္မဗိမာန်တော်ကြီးရှိ စာသင်ဝိုင်းသို့ရောက်ရှိရာ စာသင်ဝိုင်း ၁ ဝိုင်းတွင် ကြီးကြပ် ၁ ဦး၊ နည်းပြ ၁ ဦးနှင့် စာသင်သား၊စာသင်သူ ၅၀ ဦးတို့ဖြင့် စာသင်ကြားနေမှုများအား လိုက်လံကြည့်ရှုအားပေးပြီး စာသင်သားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ် ဆက်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကလေးမြို့၊ အောင်မေတ္တာရပ်ကွက်ရှိ မြစ်သာမြစ် ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ရှင်းလင်းဆောင်သို့ရောက်ရှိရာ တည်ဆောက်ရေးတာဝန်ခံ အင်ဂျင်နီယာမှ ကမ်းပြိုကာကွယ်ရေးအတွက် ၄ လက်မပတ်လည် ၈ ပေ အရှည်ရှိ R.C.C Porcupile ၁၀၀၀ ခု ဆောင်ရွက်ပြီးစီးမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင် ရွက်ပြီးစီးမှုအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။









