မုံရွာ၊ သြဂုတ် ၇
စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ်(၇/၂၀၂၄)ကို သြဂုတ်လ ၇ ရက်၊ မွန်းလွဲပိုင်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူ များတက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ယခုအစည်းအဝေးတွင် စစ်ကိုင်းမြို့၌ဆောင်ရွက်မည့် ရွှေငွေအေးတိုး ကုမ္ပဏီ၏ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းအား အတည်ပြုမိန့် ထုတ်ပေးရန်အတွက် ဆွေးနွေးသွားကြရန် ဖြစ်ပါကြောင်း၊ ကော်မတီအဖွဲ့ဝင်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်များ ခွင့်ပြုပေးနိုင်ရန်နှင့် ခွင့်ပြုပြီးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အဆင်ပြေချောမွေ့ပြီး လုပ်ငန်များတိုးတက်အောင်မြင်ရန်နှင့် တိုးမြှင့်ထည့်ဝင်ဆောင်ရွက်နိုင်ရန် ဆက်လက်ကြိုးပမ်း အားပေးကူညီဆောင်ရွက်ပေးသွားကြရန် လိုအပ်ပါကြောင်း ပြောကြား သည်။
ယင်းနောက် ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်က ယခင်အစည်းအဝေးဆုံး ဖြတ်ချက်များ၏ ဆောင်ရွက်ပြီးစီးမှုလုပ်ငန်းအခြေအနေများနှင့် ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် ရွှေငွေအေးတိုးကုမ္ပဏီလီမီတက်မှ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းဆောင်ရွက်ခွင့်ပြုပါရန် အတည်ပြုလျှောက်ထားလွှာ တင်ပြလာခြင်းကိစ္စနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်း တင်ပြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအဖွဲ့ဝင်များက မိမိတို့တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ပူး ပေါင်းဆောင်ရွက်ပေးသွားမည့် အခြေအနေများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အသီးသီးရှင်းလင်း ဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။



