မုံရွာ၊ စက်တင်ဘာ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခန္တီးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌနှင့် တာဝန်ရှိသူများ လိုက်ပါလျက် စက်တင်ဘာလ ၃၀ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်တိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့ရှိ မေတ္တာဆည်သို့ ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများမှ မြို့နေပြည်သူများ သောက်သုံးရေအသုံးပြုနိုင်ရန်အတွက် ရေဂါလံ ၃၄ သိန်းသိုလှောင်ထားနိုင်သည့် အကျယ် ၁ ဧကကျော်ရှိ စိမ့်စမ်းရေထွက်အား ဆည်ပိတ်ကာ အနက် ၁၂ ပေတူးဖော်ထား သည့် မေတ္တာဆည် ဆောင်ရွက်ထားရှိမှုအား ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လို အပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ မေတ္တာ ဆည်တူးဖော်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်း တွင် ဟုမ္မလင်းမြို့နယ်၊ ချင်းတွင်းမြစ်ကူးတံတား(ထမံသီ) တည်ဆောက်ရေး ရှင်းလင်းဆောင်သို့ ရောက်ရှိကြသည်။
ရှေးဦးစွာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၂)မှ အင်ဂျင်နီယာမှူးက ချင်းတွင်းမြစ်ကူးတံတား(ထမံသီ) တည်ဆောက်ရေးလုပ်ငန်းများ ဘဏ္ဍာနှစ် အလိုက်ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများအား လည်းကောင်း၊ ဟုမ္မလင်းခရိုင် လမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးမှ ချင်းတွင်းမြစ် ကူးတံတား(ထမံသီ) ပင်းမရွာဘက်ခြင်းနှင့် ထမံသီရွာဘက်ခြမ်းတို့တွင် ချဉ်းကပ်လမ်းများ ဖောက်လုပ်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများအား လည်းကောင်း ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီး လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး က တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်တင်ပြဆွေးနွေးသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းခရိုင်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ပြည်သူများ၏ လူမှုစီးပွားဘဝနှင့် နယ်မြေဒေသဖွံ့ဖြိုးတိုး တက်ရေးအတွက်များစွာ အထောက်အကူပြုသည့် တံတားကြီးတစ်စင်း ဖြစ်ပါကြောင်း၊ ဒေသ၏ ထုတ်ကုန်များအား လွယ်ကူမြန်ဆန်စွာသယ်ယူပို့ဆောင်နိုင်ကာ ပညာရေး၊ ကျန်းမာရေး၊ စီးပွား ရေးကိုပါ ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ပါ၍ တည်ဆောက်ရေးလုပ်ငန်းများအား သက်မှတ်ကာလ တွင်ပြီးစီးရေးနှင့် သက်မှတ်စံချိန်စံညွှန်းများနှင့် အညီအရည်အသွေးကောင်းမွန်အောင် တည် ဆောက်သွားရန် လိုအပ်ပါကြောင်း၊ ဘဏ္ဍာနှစ်အလိုက်ရရှိသည့် ရန်ပုံငွေများကိုလည်း စနစ် တကျသုံးစွဲသွားကြရန်နှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးကိုလည်း သတိပြုဆောင်ရွက် စေလိုပါကြောင်း အသေးစိတ်မှာကြားပြီး တည်ဆောက်လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင် ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ချင်းတွင်းမြစ်ကူးတံ တား(ထမံသီ) တံတားကြီး တည်ဆောက်ရေးဆိုင်ရာ ပစ္စည်းများကို လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ချင်းတွင်းမြစ်ကူးတံတား(ထမံသီ)သည် ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ လေရှီးမြို့-ပန်ဆပ်-ဆွမ္မရာမြို့လမ်းပေါ်တွင် ချင်းတွင်း မြစ်အားဖြတ်၍ တည်ဆောက်ထားသည့် သံကူကွန်ကရစ် တံတားအမျိုးအစားဖြစ်ပြီး တံတား အရှည် – ၈၀၁ မီတာ၊ အကျယ် – ၉.၄ မီတာ၊ တံတားအခန်းပေါင်း – ၁၅ ခန်း ၊ ရေလမ်းကင်းလွတ် အမြင့် ၄၀ ပေ(HFL)ဖြင့် တည်ဆောက်နေခြင်းဖြစ်ပြီး တည်ဆောက်ရေးလုပ်ငန်းတစ်ခုလုံး၏ ၆၆ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်သည်။
အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စက်တင်ဘာလ ၂၉ ရက်၊ ညနေပိုင်းတွင် ခန္တီးခရိုင်၊ ခန္တီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေး ခန်းမတွင် ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ် စာရင်းစစ်၊ စာရင်းကောက်များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ် အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများအား တာဝန်ယူဆောင်ရွက် ကြမည့် ခရိုင်/မြို့နယ်များမှ တာဝန်ရှိသူအားလုံးအနေဖြင့် လုပ်ငန်းများအောင်မြင်အောင် ဌာနဆိုင်ရာအချင်းချင်း ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ စာရင်းများ ကောက်ယူရာတွင် ကိန်းဂဏန်းများမှန်ကန်တိကျစေရေး အလေးထားဆောင်ရွက်သွား ကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး ခန္တီးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ ဦးအောင်စိုးမိုးက ခန္တီးခရိုင် အတွင်းရှိ မြို့နယ်/ရပ်ကွက်/ကျေးရွာအလိုက် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင် စာရင်းကောက်ယူရေးလုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ် သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ အခမ်းအနား သို့တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခန္တီးမြို့နယ် အတွင်းရှိ ဒေသခံတောင်သူများအား သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား သို့တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကား ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးက သွင်းအားစု များထောက်ပံ့ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ခန္တီးမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအား သွင်းအားစုများ၊ မျိုးစေ့များနှင့် ဆေး ဖြန်းပုံးများအား ထောက်ပံ့ပေးအပ်ကာ အခမ်းအနားသို့ တက်ရောက်လာကြသော ဒေသ ခံတောင်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။







