မုံရွာ၊ အောက်တိုဘာ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်ရှိ အခြေခံ ပညာကျောင်းများ သီတင်းကျွတ် ကျောင်းပိတ်ရက် ပြန်လည်ဖွင့်လှစ်သည့်အချိန်တွင် ကျောင်းသား/သူများ စိတ်အေးချမ်း သာစွာဖြင့် ပညာသင်ကြားနိုင်ရန်အတွက် အောက်တိုဘာလ ၂၆ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ဆူးလေကုန်းရပ်ကွက်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်း ကျောင်းဝန်း အတွင်းရှိ သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ ခြင်များပေါက်ပွား နိုင်သည့် ရေနုတ်မြောင်းများရေစီးရေလာ ကောင်းမွန်စေရေးတို့အတွက် တိုင်းဒေသကြီး/ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ် ရေးအဖွဲ့ဝင်များ၊ အထေွထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင် များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများစုပေါင်း၍ သန့်ရှင်း ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်နေသူများ၊ ရပ်ကွက်နေပြည်သူများ၊ ဌာန ဆိုင်ရာဝန်ထမ်းများနှင့် ဆရာ/ဆရာမများအား တန်ဖိုးသင့်စားသောက်ကုန်များ၊ ဟင်းသီး ဟင်းရွက်များနှင့် စားသုံးဆီများအား စေျးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုများအား ကြည့်ရှုအားပေးကာ ကျောင်းသားမိဘများနှင့်ဆရာ/ဆရာမများအား ရင်းရင်းနှီးနှီးနှုတ် ဆက်ပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေကြသူများနှင့်အတူ နံနက်စာ အားအတူတကွသုံးဆောင် ခဲ့ကြသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်၊ မြို့နယ် ၈ မြို့နယ်တို့တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစု ပေါင်းအင်အား ၁၂၀၀ ကျော်ဖြင့် အခြေခံ ပညာကျောင်းများနှင့် မြို့သန့်ရှင်းသာယာလှပ ရေးလုပ်ငန်းများအား စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။






