မုံရွာ၊ ဒီဇင်ဘာ ၁၈
တိုင်းဒေသကြီးအတွင်း စားသုံးဆီနှင့်စက်သုံးဆီ သယ်ယူရောင်းချမှု ညှိနှိုင်း အစည်းအဝေးကို ဒီဇင်ဘာလ ၁၈ ရက်၊ နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ နှင့်မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် စားသုံးဆီ၊စက်သုံးဆီ လုပ်ငန်းရှင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေး ခရိုင်၊ ခန္တီးခရိုင်များ၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ များက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးအတွင်း စားသုံးဆီနှင့်စက်သုံးဆီများ သယ်ယူရောင်းချမှုနှင့် ဈေးနှုန်းမှန်ကန်တည်ငြိမ်ရေး၊ ရောက် ရှိလာသည့် စားသုံးဆီ၊စက်သုံးဆီများအား မြန်ဆန်စွာဖြန့်ခွဲမှု စနစ်တကျရှိစေရေး၊ ကော လဟာလသတင်းများနှင့် ဖြစ်ပေါ်နေသည့်အခြေအနေအရပ်ရပ်တွင် ပြည်သူများယုံမှား ကာအခက်အခဲအကျပ်အတည်းများ မဖြစ်ပေါ်စေရေးနှင့် မိမိတို့တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် တာဝန်ကျေပွန်လိုစိတ်ဖြင့် လုပ်ငန်းရှင်များနှင့်ပူးပေါင်းကာ အကောင်းဆုံး ဖြည့်ဆည်းစီမံ ဆောင်ရွက်ပေးလိုသည့်အတွက် ယခုအစည်းအဝေးအား ကျင်းပရခြင်း ဖြစ်ပါကြောင်း၊စားသုံးဆီနှင့်စက်သုံးဆီများအား သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းနှင့်အညီ တင်သွင်းစေခြင်း၊ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ဖြစ်သင့်ဖြစ် ထိုက်သည့် ဈေးနှုန်းဖြစ်စေရေး၊ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ အခွန်အခများ၊ ငွေလဲနှုန်းများပါမကျန် စနစ်တကျထည့်သွင်းတွက်ချက်ပြီး အခြေခံရည်ညွှန်းဈေးများ ထုတ်ပြန်ကာ တိုင်းဒေသကြီးနှင့်ပြည်နယ်မြို့များအလိုက် ဒေသအရောက်အရင်းဈေးနှုန်း များထုတ်ပြန်ပေးပြီး သင့်တင့်သည့်အမြတ်ရာခိုင်နှုန်း သတ်မှတ်ပေးထားပြီးဖြစ်သည့် အတွက်လုပ်ငန်းရှင်များမှ ပြည်သူများအား အရေအတွက်၊ အရည်အသွေး၊ ဈေးနှုန်းမှန် မှန်ကန်ကန် ရောင်းချပေးသွားကြရန်နှင့် တာဝန်ရှိသူများမှလည်း မြေပြင်အထိကွင်းဆင်း ကြီးကြပ် စီမံဆောင်ရွက်ပေးသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက တိုင်းဒေသကြီး အတွင်းရှိ ခရိုင်/မြို့နယ်များ၌ စားသုံးဆီ သယ်ယူဖြန့်ဝေပေးနေမှု အခြေအနေများအား လည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက တိုင်းဒေသ ကြီးအတွင်းရှိ ခရိုင်/မြို့နယ်များ၌ စက်သုံးဆီသယ်ယူဖြန့်ဝေပေးနေမှု အခြေအနေများ အားလည်းကောင်း ရှင်းလင်းဆွေးနွေး ပြောကြားကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးက တိုင်းဒေသကြီးအတွင်း စားသုံးဆီခွဲဝေဖြန့်ဖြူးရောင်းချပေးနေမှုများအား လည်းကောင်း၊ တိုင်းဒေသကြီး ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက ဒုတိယညွှန် ကြားရေး မှူးက တိုင်းဒေသကြီးအတွင်း စက်သုံးဆီ ခွဲဝေဖြန့်ဖြူးရောင်းချပေးနေမှုများအား လည်း ကောင်းရှင်းလင်း တင်ပြကြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် စားသုံးဆီ၊စက်သုံးဆီ လုပ်ငန်းရှင်များနှင့်တာဝန်ခံများမှ စားသုံးဆီ၊စက်သုံးဆီများ ခွဲဝေရရှိမှုနှင့်ပြည်သူများသို့ ရည်ညွှန်း ဈေးနှုန်းများအတိုင်း ရောင်းချပေးနေမှုများနှင့် ဖြည့်ဆည်းပေါင်းစပ်ပေးရန် လိုအပ်မှု အခြေအနေများအား အသီးသီး ရှင်းလင်းတင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေး ခရိုင်၊ ခန္တီးခရိုင်များ၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ များက Video Conferencing စနစ်ဖြင့် လည်းကောင်း၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌတို့က မိမိတို့ခရိုင်များအတွင်းရှိ မြို့နယ်များ၌ စားသုံးဆီ၊စက်သုံးဆီ ခွဲဝေရောက်ရှိမှု အခြေအနေများနှင့် ပြည်သူများသို့ရောင်းချပေးနေမှု အခြေအနေများ အသီးသီး ရှင်းလင်း တင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့ တက် ရောက်လာသူများက တိုင်းဒေသကြီးအတွင်း စားသုံးဆီနှင့်စက်သုံးဆီ သယ်ယူရောင်းချမှု အခြေအနေများနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်း အဝေးသို့တက် ရောက်လာသူ များ၏ အသီးသီးအကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။




