မုံရွာ၊ ဇန်နဝါရီ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် သည် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဟုမ္မလင်း ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဇန်နဝါရီလ ၁၃ ရက်နေ့၊ နံနက်ပိုင်းတွင် ဟုမ္မလင်းမြို့နယ်၊ နားသကျိုက်ကျေးရွာအနီး နမ့်ပငချောင်းပေါ်တွင် တည်ဆောက်လျက်ရှိသည့် နမ့်ပငအသေးစားရေအားလျှပ်စစ်စီမံကိန်း ရှင်းလင်းဆောင်သို့ ရောက်ရှိရာ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ်-၂ တည်ဆောက်ရေးမှ လက်ထောက်ညွှန်ကြားရေးမှူးမှ နမ့်ပငအသေးစားရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများအား ဘဏ္ဍာနှစ်အလိုက်ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင် ရွက်သွားမည့် လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများ သက်မှတ် ဘဏ္ဍာနှစ်အတွင်း အရည်အသွေးကောင်းမွန်စွာ တည်ဆောက်ပြီးစီးရေး၊ ဘဏ္ဍာနှစ်အလိုက်ရရှိ သည့်ရန်ပုံငွေအပေါ် စနစ်တကျသုံးစွဲကာ သက်မှတ်ချိန်အမီပြီးစီးရေးနှင့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးတို့အား မှာကြားကာ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန် ရှိသူများနှင့် ဖြည့်ဆည်းပေါင်း စပ်ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နမ့်ပင အသေးစားရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း၌ တည်ဆောက်နေသည့် ပင်မတမံ ကွန်ကရစ်သွန်းလောင်းပြီးစီးမှုနှင့် ရေယူအဆောက် အဦဆောက်လုပ်နေမှုနှင့် တည်ဆောက်ရေး လုပ်ငန်းသုံး ကျောက်နှင့်သဲထုတ်လုပ်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါ နမ့်ပငအသေးစား ရေအားလျှပ်စစ်စီမံကိန်းသည် ဟုမ္မလင်းမြို့၏ အနောက်ဘက် ၇.၅ မိုင်ခန့်အကွာ၊ နားသကျိုက်ကျေးရွာအနီးတွင်တည်ရှိ၍ Concrete Gravity Dam တမံအမျိုး အစားဖြစ်ပြီး တပ်ဆင်စက်အင်အားမှာ ၆ မဂ္ဂါဝပ်ဖြစ်ကာ နှစ်စဉ်လျှပ်စစ်ဓာတ်အား ၃၄.၆၈ သန်းကီလိုဝပ်နာရီ ပျဉ်းမျှထုတ်လုပ်နိုင်မည်ဖြစ်ပြီး တည်ဆောက်ရေးလုပ်ငန်းများအားလုံး၏ ၅၆.၃ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့၊ စိုက်ပျိုး ရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းသို့ ရောက်ရှိရာ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်း သား/သူများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ရာ ကျောင်းအုပ်ကြီးက သင်ကြားစီမံရေး လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ကျောင်း၏ လိုအပ်ချက်များအား ရှင်းလင်းပြောကြားသည်။
ယင်းနောက် ဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများ စားရေရိက္ခာလုံလောက်စွာရရှိရေးသည် လူသားတိုင်းအတွက် အခြေခံလိုအပ် ချက် ဖြစ်ပါ၍ ၄င်းလိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်မည့် အသိ၊အတတ် ပညာများကို သင်ကြားခွင့်ရသည့် ကျောင်းသား/သူများအနေဖြင့် ကျွမ်းကျင်တတ်မြောက်အောင် သင်ကြားလေ့ကျင့်ကာ ဒေသနှင့် တိုင်းဒေသကြီးအား အလုပ်ကျွေးပြုနိုင်သည့် စိုက်ပျိုးရေး၊မွေးမြူရေးပညာရှင်များဖြစ်အောင် ကြိုးစားကြစေလိုကြောင်း၊ ပညာသင်ကြားပြီးပါက ဌာနဆိုင်ရာနှင့် မိမိကိုယ်ပိုင်စိုက်ပျိုးမွေး မြူရေးလုပ်ငန်းများကိုဆောင်ရွက်ကာ တိုင်းပြည်အတွက် စားရေရိက္ခာပေါများရေးကို အထောက်အကူပြုသူများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျောင်းအုပ်ကြီးနှင့်ကျောင်းသား/သူများထံ စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့၊ ကွင်းအမှတ် ၆၄ ဟုမ္မလင်းကွင်းရှိ တောင်သူ ဦးသန်းဝင်း စိုက်ပျိုးသည့် နွေစပါး ၁၀ ဧကအား တစ်ဧကအထွက်နှုန်းတိုးတက်ရေးအတွက် သဘာဝမြေသြဇာနှင့် မြေသြဇာရောနှောကြဲပတ် ခြင်းသရုပ်ပြပွဲသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချူပ်နှင့် ဒေသခံတောင်သူများက နွေစပါးအထွက်နှုန်းတိုး တက်ရေးအတွက် သဘာဝမြေသြဇာနှင့် မြေသြဇာရောနှောကြဲပတ်ခြင်း သရုပ်ပြသမှုအား ကြည့် ရှုအားပေးကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သရုပ်ပြပွဲသို့ တက်ရောက် လာကြသည့် ဒေသခံတောင်သူများအား စိုက်ပျိုး ရေးသွင်းအားစုများနှင့် ပိုးသတ်ဆေးဖျန်းပုံးများ ပေးအပ်ကာ ခေါင်ခမ်းအင်းအနီး ကွင်းအမှတ် ၆၄ ဟုမ္မလင်းကွင်းတွင် နွေစပါး ၃၇၆ ဧကစိုက်ပျိုး ထားရှိမှုအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။







