မုံရွာ၊ မေ ၄
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေ သကြီး အဆင့်ဌာနဆိုင်ရာများ၊ စစ်ကိုင်းခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် မေလ ၄ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ နှစ်(၇၀၀)ပြည်သူ့အား ကစားကွင်းအတွင်းရှိ ဖူဆယ်အားကစားရုံတွင် ကျင်းပပြုလုပ်သည့် မန္တလေးငလျင်ကြီး ကြောင့် စစ်ကိုင်းမြို့နယ်အတွင်းရှိ ပျံလွန်/သေဆုံးခဲ့ကြသည့် သံဃာ၊သီလရှင်နှင့် လူပုဂ္ဂိုလ်များအတွက် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသည့် ဆရာတော်/သံဃာတော်များ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်နှင့် ပြည် သူများမှ ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် (၁)မိနစ်ခန့် မတ်တပ်ရပ် ၍ငြိမ်သက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မန္တလေးငလျင်ကြီးကြောင့် စစ်ကိုင်းမြို့နယ် အတွင်းရှိ ပျံလွန်/သေဆုံးခဲ့ကြသည့် သံဃာ၊သီလရှင်နှင့် လူပုဂ္ဂိုလ်များအတွက် အားပေး စကားလျှောက်ထားပြောကြားသည်။
ယင်းနောက် စစ်ကိုင်းမြို့၊ လေးကျွန်းမြေအုဋ်ကျောင်း ဆရာတော်ကြီးထံ မန္တလေး ငလျင်ကြီးကြောင့် စစ်ကိုင်းမြို့နယ်အတွင်းရှိ ပျံလွန်/သေဆုံးခဲ့ကြသည့် သံဃာတော် ၅၅ ပါး၊ သီလရှင် ၅၂ ပါးနှင့် လူပုဂ္ဂိုလ် ၆၅ ဦး၊ စုစုပေါင်း – ၁၇၂ ဦးတို့အတွက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဒုတိယဗိုလ်ချုပ်ကြီးတို့က လှူဒါန်းငွေကျပ် သိန်း- ၁၇၂၀ သိန်း အားပေးအပ်လှူဒါန်းသည်။
ဆက်လက်၍ စစ်ကိုင်းမြို့၊ လေးကျွန်းမြေအုဋ်ကျောင်း ဆရာတော်ကြီးမှ မန္တလေး ငလျင်ကြီးကြောင့် စစ်ကိုင်းမြို့နယ်အတွင်းရှိ ပျံလွန်/သေဆုံးခဲ့ကြသည့် သံဃာ၊သီလရှင် နှင့်လူပုဂ္ဂိုလ်များအတွက် အမျှအတန်းပေးဝေခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုက်ကြီးနှင့် တာဝန်ရှိသူများ သည် စစ်ကိုင်းမြို့၊ နှစ် ၇၀၀ ပြည်သူ့အားကစားကွင်းအတွင်းရှိ မလေးရှားနိုင်ငံမှ ယာယီ ဆေးကုသရေးစင်တာ၌ ငလျင်ဒဏ်သင့် ရဟန်း/သံဃာ၊ သီလရှင်များနှင့်မြို့နေပြည်သူ များအား အခမဲ့ ဆေးကုသပေးနေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ကုသ ရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူများ သည် စစ်ကိုင်းမြို့၊ နှစ်(၇၀၀)ပြည်သူ့အား ကစားကွင်းအတွင်းရှိ ဖူဆယ်အားကစားရုံတွင် ကျင်းပပြုလုပ်သည့် ငလျင်ဘေးသင့်ပြည်သူများအတွက် ရိက္ခာအမယ် (၅)မျိုး ထောက်ပံ့ ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်နှင့် အခမ်း အနားသို့ တက်ရောက်လာသူများမှ ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် (၁)မိနစ်ခန့် မတ်တပ်ရပ် ၍ငြိမ်သက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မန္တလေးငလျင်ကြီးကြောင့် ငလျင်ဘေးသင့် ရဟန်း/သံဃာ၊သီလရှင်များနှင့် ပြည်သူများ အတွက် နိုင်ငံတော်နှင့် ပြည်ထောင်စုဝန်ကြီးဌာနများ၊ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့ နှင့် ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများမှ ထောက်ပံ့လှူဒါန်းပေးနေမှု အခြေအနေများအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက စစ်ကိုင်းမြို့၊ ဇေယျာရပ်ကွက်ရှိ ငလျင်ဘေးသင့် အိမ်ထောင်စု ၄၈၄ စု၊ လူဦးရေ – ၂၃၃၃ ဦးအတွက် ငွေကျပ်သိန်း – ၇၂၀၅၄၇၀၅ (သိန်းခုနှစ်ရာနှစ်ဆယ် ငါးသောင်း လေးထောင်ခုနှစ်ရာငါးကျပ်)တန်ဖိုးရှိ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငပိ အမယ် ၅ မျိုး၊ (၁)လစာအား ငလျင်ဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဒုတိယဗိုလ်ချုပ်ကြီးတို့က အခမ်း အနားသို့တက်ရောက် လာ ကြသည့် ငလျင်ဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီးအား ပေးစကားများ ပြောကြားခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူ များသည် မန္တလေးငလျင်ကြီးကြောင့် စစ်ကိုင်းမြို့ပေါ်ရှိ လူနေအိမ်တိုက်တာများ ပြိုကျ ပျက်စီးခဲ့မှုများအား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင် များနှင့် လူမှုရေးအသင်းအဖွဲ့များမှ ပူးပေါင်း၍ ပြန်လည်ရှင်းလင်းဖယ်ရှားနေမှုများအား သွားရောက်ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။








