မုံရွာ၊ ဇွန် ၅
၂၀၂၅-ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ဇွန်လ ၅ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အမျိုးသမီးကော်မတီ အဖွဲ့ ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးစေရန်နှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရန် အားပေးဆောင်ရွက်လျက် ရှိသကဲ့သို့ ပတ်ဝန်းကျင်ညစ်ညမ်းမှု မရှိစေရေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု မဖြစ်ပေါ်စေရေး တာဝန်ရှိသည့် လုပ်ငန်းလိုင်စင် ထုတ်ပေးသည့်ဌာနများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့မှ အလေးထားကြပ်မတ် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းသည် တစ်ဦးကောင်း တစ်ယောက်ကောင်း ဆောင်ရွက်လို့မရသည့် လုပ်ငန်းဖြစ်ပြီး တိုင်းဒေသကြီးအတွင်း နေထိုင်သည့်သူတိုင်း ပြည်သူလူထုတစ်ဦးချင်း သာမက အဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာများအားလုံး၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုသည်လည်း အလွန်အရေးကြီးပါကြောင်း၊ ဒါ့ကြောင့် ယခု ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်ဖြစ်သည့် “ကမ္ဘာတစ်ဝန်း ပလတ်စတစ် ညစ်ညမ်းမှု အဆုံးသတ်ရေး၊ စုပေါင်းအားဖြင့် ဆောင်ရွက်ပေး” (Ending Plastic Pollution Globally) နှင့်အညီ ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၅-ခုနှစ်၊ ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် Video Clip နှင့် ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်မှ ပေးပို့သည့် သဝဏ်လွှာ Video Clip တို့အား ကြည့်ရှုအားပေးကြပြီး ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် မုံရွာတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ/ဆရာမများက “မုံရွာမြို့တော် စိမ်းလန်းစိုပြည်သာယာဖို့ စုပေါင်းဆောင်ရွက်ကြစို့”နှင့် “တာဝန်ကိုယ်စီ”တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြ သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော စက်ရုံ၊ အလုပ်ရုံလုပ်ငန်း ဂုဏ်ပြုဆုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍအတွက် တိုင်းဒေသကြီး ပတ်ဝန်းကျင်သိန်းသိမ်းရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်မှု အကောင်းဆုံးဆု ရရှိကြသူများအား ဂုဏ်ပြုဆုလက်မှတ်နှင့် ငွေသားဆုများအား လည်းကောင်း၊ တိုင်းဒေ သကြီး ဝန်ကြီးချုပ်၏ဇနီးမှ အခြေခံပညာအထက်တန်းအဆင့် သန့်ရှင်း၍စိမ်းလန်းစို ပြည်သောကျောင်း ပထမဆု၊ ဒုတိယဆု ရရှိကြသူများအား ဂုဏ်ပြုဆုလက်မှတ်နှင့် ငွေသားဆုများအား လည်းကောင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ်က အခြေခံပညာ အလယ်တန်းနှင့် မူလတန်းအဆင့် သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်း ပထမဆု၊ ဒုတိယဆု ရရှိကြသူများအား ဂုဏ်ပြုဆုလက်မှတ်နှင့် ငွေသားဆုများအား လည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ကမ္ဘာ့ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အလွတ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ပထမဆု၊ ဒုတိယ၊ တတိယဆုရရှိကြသူများ ဂုဏ်ပြုဆုလက်မှတ်နှင့် ငွေသားဆုများအားလည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးက အခြေခံပညာအဆင့် စာစီစာကုံးပြိုင်ပွဲ ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိကြသူများ ဂုဏ်ပြုဆုလက်မှတ်နှင့် ငွေသားဆုများအား လည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည့် မုံရွာတက္ကသိုလ် မှကျောင်းသား၊ကျောင်းသူများနှင့် ဆရာ၊ဆရာမများအား ဂုဏ်ပြုချီးမြှင့်ငွေများအား လည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ် တမ်းတင် ဓါတ်ပုံရိုက်ကူးကြပြီး ခန်းမအတွင်းခင်းကျင်းပြသထားသည့် ရေ၊ မြေ၊ လေ တိုင်းတာရေးစက်ကိရိယာများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နည်းဥပဒေ၊ ဥပဒေစာအုပ် များနှင့် လှုပ်ရှားမှုမှတ်တမ်းဓါတ်ပုံများနှင့် ဆုရစာစီစာကုံးများအား လိုက်လံကြည့်ရှုအား ပေးခဲ့ကြောင်း သိရသည်။



