မုံရွာ၊ ဇွန် ၂၅
၂၀၂၅-ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၁၈)နှစ်အောက် အမျိုးသား/ အမျိုးသမီးပြေးခုန် ပစ်ပြိုင်ပွဲနှင့် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြု အားကစားအသင်းများအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနားကို ဇွန်လ ၂၅ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစား ကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အား ကစားသမားများနှင့် အသင်းအုပ်ချုပ်သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး ကိုယ် စားပြုသွားရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်အားကစားအသင်းများအနေဖြင့် ယခင်နှစ် များမှ အတွေ့အကြုံများအားရယူပြီး အားသာချက်၊ အားနည်းချက်များကို ပြုပြင်လေ့ ကျင့်ကာ မိမိတိုင်းဒေသကြီးအတွက် တရားသောယှဉ်ပြိုင်ခြင်းဖြင့် ရွှေ၊ ငွေ၊ ကြေး ဆုတံ ဆိပ်များအားရယူကာ ယခင်နှစ်များထက် ပိုမိုအောင် မြင်အောင် အစွမ်းကုန်ကြိုးစားယှဉ် ပြိုင်သွားကြရန် လိုအပ်ပါကြောင်း၊ အသင်းအုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများ အနေဖြင့်လည်း အသင်းအလိုက် တစ်ဦးချင်းအလိုက် ပြိုင်ပွဲများတွင် အနိုင်မခံ အရှုံးမပေး သည့်ဇွဲစိတ်ဓါတ်နှင့် စည်းမျဉ်း/စည်းကမ်း ဘောင်ထဲမှ တရားမျှတစွာ ကြိုးစားယှဉ်ပြိုင် သွားကြရန်နှင့် အားကစားဖြင့် နိုင်ငံတော်အား မြှင့်တင်ပေးနိုင်သည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများဖြစ်အောင် ယှဉ်ပြိုင်ခဲ့ကြပြီး မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဒေသခံ ပြည်သူများမှ ကြိုဆိုဂုဏ်ပြုပေးချင်သောကြောင့် အောင်မြင်မှုများနှင့်အတူ ဆုတံ ဆိပ်များပိုက်ကာ ပြန်လာခဲ့ကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြု အသက် (၁၈) နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်အသင်း အုပ်ချုပ်/နည်းပြနှင့် အမျိုးသားဘောလုံးအသင်း အုပ်ချုပ်/နည်းပြများထံ အောင်နိုင်ရေးအလံအား ပေးအပ် သည်။
ဆက်လက်၍ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူးက အသက်(၁၈)နှစ် အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်အသင်း နည်းပြများထံ ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်- ၁၃၂ သိန်းအား လည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးအသင်း နည်းပြ များထံ ဂုဏ်ပြုချီးမြှင့်ငွေကျပ် သိန်း ၁၀၀ အား လည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ပြေးခုန်ပစ်အသင်း အုပ်ချုပ်သူနှင့် အမျိုးသားဘောလုံးအသင်း အုပ်ချုပ် သူများက ပြိုင်ပွဲများဝင်ရောက် ယှဉ်ပြိုင်သွားမည့် အခြေ အနေများအား ရှင်းလင်းပြော ကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက် လာကြသည့် ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ် ဆက်အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။



