မုံရွာ၊ ဇူလိုင် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့(၂/၂၀၂၅)နှင့် တိုင်းဒေသကြီး မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ (၁/၂၀၂၅)လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇူလိုင်လ ၂၄ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းကဏ္ဍသည် အလွန် အရေးကြီးသည့်အတွက် တာဝန်ရှိသူများအနေဖြင့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြား ချက်များအား တိကျစွာလိုက်နာဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ လယ်ယာမြေ အခြားနည်းအသုံးပြုခွင့် လျှောက်ထားလာသည့် တင်ပြချက်များအပေါ်မူတည်ပြီး မှန်မှန် ကန်ကန်နှင့် မြန်မြန်ဆန်ဆန် စီစစ်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသ ကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အနေဖြင့်လည်း ဥပဒေလုပ်ထုံးလုပ်နည်း များနှင့်ညီညွတ် ပါကခွင့်ပြုပေးသွားကြရန်နှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အဂတိတရားကင်းရှင်းစွာ ဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး၊ တိုင်း ဒေသကြီး ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်သန်းလွင်က တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့(၂/၂၀၂၅)နှင့် တိုင်းဒေသကြီး မြေလွတ်၊မြေ လပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ (၁/၂၀၂၅) သို့ တင်ပြလာသည့် အမှုတွဲများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြ သည်။
ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ (၂/၂၀၂၅)နှင့် တိုင်းဒေသကြီး မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ(၁/၂၀၂၅)သို့ တင်ပြလာသည့် အမှုတွဲများနှင့် ပတ်သက်၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များ အပေါ်လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။


