မုံရွာ၊ နိုဝင်ဘာ ၉
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိသူများသည် နိုဝင်ဘာလ ၉ ရက်၊ နံနက်ပိုင်းတွင် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံးနှင့် မြန်မာတရုတ်ကုမ္ပဏီများအသင်းတို့ ပူးပေါင်းလှူဒါန်း၍ မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးအသင်းမှ ကူညီဆောင်ရွက်သည့် စစ်ကိုင်းမြို့၊ ရွှေမင်းဝံဈေး မြန်မာ-တရုတ်ချစ်ကြည်ရေးဈေးရုံ အလျား – ၁၀၀ ပေ၊ အနံ – ၁၀၀ ပေ၊ Steel Structure ၁ ထပ် ဈေးရုံသစ် တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေးလုပ်ငန်း များစံချိန်စံညွှန်းမီ အရည်အသွေးကောင်းမွန်စွာဖြင့် တည်ဆောက်ပြီးစီးရေး၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးနှင့် အချိန်မီပြီးစီးရေးတို့အား တာဝန်ရှိသူများကို မှာကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများသည် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ မြို့မဈေးကြီး ၂ ထပ်ဈေးရုံ ၁ ရုံ၊ ၁ ထပ်ဈေးရုံ ၃ ရုံ အဆင့်မြှင့်တင် ပြန် လည်ပြုပြင်တည်ဆောက်နေမှုများအား သွား ရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင် ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်၊ လမ်းအမှတ် (၁၁) လမ်းအရှည် – ၂၅၀၀ ပေ၊ အကျယ် – ၁၈ ပေ လမ်းအကျယ်ချဲ့၍ ကတ္တရာလမ်းခင်းကျင်းနေမှုနှင့် ပိုးတန်းရပ်ကွက်၊ ရွှေညောင်ပင်လမ်း လမ်းအရှည် – ၁၀၅၀ ပေ၊ အကျယ် ၁၆ ပေ လမ်းအကျယ်ချဲ့၍ ကတ္တရာလမ်းခင်းကျင်း နေမှုများအား လိုက်လံကြည့်ရှုစစ် ဆေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ကုတင် ၃၀၀ ဆံ့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးဝန်းအတွင်းရှိ ဆေးသိုလှောင်ရုံ RC ၁ ထပ် အဆောက်အဦသစ် တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေး လုပ်ငန်းများအား အရည်အသွေးကောင်းမွန်စွာဖြင့် တည်ဆောက်ပြီးစီးရေးနှင့် အချိန်မီပြီးစီးရေး တို့အား တာဝန်ရှိသူများကို မှာကြားကာ လိုအပ်သည်များကို ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ်ခတ်မှု ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ မြို့မရဲစခန်းရှိ ဓမ္မာရုံ ပြန်လည်ပြုပြင်တည်ဆောက် နေမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။



