မုံရွာ၊ နိုဝင်ဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၁၀/၂၀၂၅) အစည်းအဝေးကို နိုဝင်ဘာလ ၂၅ ရက်၊ နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်း အဝေးသို့ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များ၊ တာဝန်ရှိသူ များနှင့် ကုမ္ပဏီလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှပ်နှံမှုလုပ်ငန်းအသစ်များ ဝင် ရောက်လာစေရန်နှင့် လက်ရှိလည်ပတ်နေသည့် ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများအား အဆင် ပြေပြေ ချောချောမွေ့မွေ့ အခက် အခဲများ ကြန့်ကြာမှုမရှိအောင် မိမိတို့တိုင်းဒေသကြီးအစိုး ရအဖွဲ့အပါအဝင် ဆက်စပ်ဌာနဆိုင်ရာအားလုံးက ဝိုင်းဝန်းပံ့ပိုး ကူညီဆောင်ရွက်သွားကြ ရန်လိုအပ်ပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း လက်ရှိလုပ်ငန်းများအပြင် အခြား ခြားသောလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်စေရန်၊ လုပ်ငန်းများအဆင်ပြေချောမွေ့အောင် ကြိုးစားသွားကြရန်နှင့် အခက် အခဲများရှိပါက သက်ဆိုင်ရာဌာနများသို့တင်ပြပြီး ပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ အစည်းအဝေးသို့ တက်ရောက်လာသူများမှ လည်း လိုအပ်သည်များ ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးသွားကြရန်နှင့် ရင်းနှီးမြှပ်နှံမှုလုပ် ငန်းအသစ်များတိုးမြင့်ဝင်ရောက်လာစေရေး အလေး ထားဆောင်ရွက်သွားကြရန် လိုအပ် ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဆင့်ဆင့်သန်းက ယခင်အစည်းအဝေးဆုံးဖြတ် ချက်များ၏ ဆောင်ရွက်ပြီးစီးမှု အခြေ အနေများနှင့် အောက်တိုဘာလအတွင်းကွင်းဆင်းဆောင်ရွက် ခဲ့မှုလုပ်ငန်းများနှင့် ပတ် သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကုမ္ပဏီလုပ်ငန်းရှင်များနှင့် ကော်မတီအတွင်းရေးမှူးတို့က ရာနှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှပ်နှံမှုဖြင့် Heli Myanmar Co,ltd (ဟယ်လီမြန်မာ ကုမ္ပဏီလီမိတက်)မှ စစ်ကိုင်းမြို့တွင် SKD စနစ်ဖြင့် Forklift အမျိုးမျိုး တပ်ဆင်ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းဆောင် ရွက်ခွင့်ပါရန် အတည်ပြုလျှောက်ထားလွှာ တင်ပြလာခြင်းကိစ္စနှင့် ရာနှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီး မြှပ်နှံမှုဖြင့် နှစ်ဘီးဆိုင်ကယ်တပ်ဆင်ထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းဆောင်ရွက် လျက်ရှိသည့် Great Sapphire Co,ltd (မဟာနီလာ ကုမ္ပဏီလီမိတက်)မှ ရင်းနှီးမြှုပ်နှံ သည့် အရပ်ဒေသ၏ မြေဧကလျှော့ချပြင်ဆင်ခွင့်ပြုပါရန် တင်ပြလာခြင်းကိစ္စများအား Power Point ဖြင့် ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များက မိမိတို့တာဝန် ယူဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ပေးသွားမည့် အခြေအနေများအား ရှင်းလင်းပြောကြားကြသည်။
ထို့နောက် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်း အဝေးသို့ တက်ရောက်လာသူများ၏ အသီးသီးရှင်းလင်း ဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


