မုံရွာ၊ မတ် ၃၁
စစ်ကိုင်းတိုင်းဒေသကြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်း ကော်မတီနှင့် လူမှုဝန်ထမ်းဦးစီးဌာတို့ပူးပေါင်းဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်း အမှတ်စဉ်(၇/၂၀၂၆)သင်တန်းဆင်းပွဲ အခမ်းအနားကို မတ်လ ၃၁ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ တိုင်းဒေသကြီး /ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက သင်တန်းဆင်း အမှာစကားပြောကြားသည်။
ယင်းနောက် အလုပ် အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး ဦးအောင်ငြိမ်းက သင်တန်းသူများကိုယ်စား သင်တန်းသူ ၂ ဦးထံ သင်တန်း ဆင်းလက်မှတ်များ ပေးအပ်ပြီး သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာသူများနှင့် သင်တန်းသူများက အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး တိုင်းဒေသကြီး သယံဇာတရေး ရာဝန်ကြီးနှင့် တာဝန်ရှိသူများက သင်တန်းသူများကိုယ်တိုင် ချုပ်လုပ်ထားရှိသည့် အဝတ် အထည်များအား လိုက်လံကြည့်ရှုခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် မုံရွာမြို့ပေါ်ရှိ စက်သုံးဆီဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းရှင်များနှင့် ညှိနှိုင်းအစည်း အဝေးသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ချိုတို့က အမှာစကား ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက တိုင်းဒေသကြီးအတွင်းရှိ စက်သုံးဆီဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း များဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် မုံရွာမြို့ပေါ်ရှိ စက်သုံး ဆီအရောင်းဆိုင်များမှ လုပ်ငန်းရှင်များက ဝန်ထမ်းများနှင့်ပြည်သူများအား စက်သုံးဆီ စနစ်တကျရောင်းချပေးနေမှု အခြေအနေများအား အသီးသီးဆွေးနွေးတင်ပြကြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသူများက စက်သုံးဆီဖြန့်ဖြူးရောင်း ချခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို ဆွေးနွေးအကြံပြု တင်ပြကြ သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးနှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ အတွင်းရေးမှူးတို့က အစည်းအဝေးသို့ တက်ရောက်လာကြသူများ၏ ဆွေးနွေးတင် ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင် ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။







