မုံရွာ၊ ဇွန် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ ဆွမ်းဦးပုညရှင်စေတီတော် မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူနိုင်ရေး ဩဝါဒခံယူပွဲနှင့် အလှူငွေဆက်ကပ်ခြင်း အခမ်းအနားကို ဇွန်လ ၁၄ ရက်နေ့၊ နံနက်ပိုင်းတွင် အဆိုပါစေတီတော်ကြီးရှိ သာသနာ့ဗိမ္မန် တော်ကြီးတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိ မြို့ဖများနှင့်အလှူရှင်များ တက်ရောက်ကြသည်။
ဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရား ကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ကြ ပြီး နိုင်ငံတော်သြဝါဒါစရိယ၊ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက၊ သော ဠသမရွှေကျင်သာသနာပိုင်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော်၊ ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဧည့်ပရိသတ် များက ငါးပါးသီလခံယူဆောက်တည်ကြသည်။
ဆက်လက်၍ ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီး ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ဩဝါဒါခံယူပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းဆက်ကပ် လှူဒါန်း နိုင်ရေးကိစ္စနှင့် ပတ်သက်၍ သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက သီတဂူဆရာတော်ကြီးနှင့် ပင့်သံဃာဆရာတော်ကြီးများထံ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက ဆွမ်းဦးပုညရှင် စေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းနိုင်ရေးအတွက် စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌထံ အလှူတော်ငွေကျပ် သိန်း (၅၀၀) (ငါးရာ)ကျပ်အား ပေးအပ်လှူ ဒါန်းသည်။
ဆက်လက်ပြီး သီတဂူဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချအမျှပေးဝေကြပြီး ဗုဒ္ဓသာသနံစိရံတိဌ တု ၃ ကြိမ်ရွတ်ဆိုဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ဆက်လက်၍ သီတဂူဆရာတော်ကြီးနှင့် ဩဝါဒါစရိယ ဆရာတော်ကြီးများအား တိုင်း ဒေသကြီး ဝန်ကြီးချုပ်က ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်း ဆက် ကပ်လှူဒါန်းနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်း လျှောက်ထားခဲ့ကြောင်း သိရသည်။




