မုံရွာ ၊ ဧပြီ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး ၁၃၈၅-ခုနှစ်၊ ၂၀၂၄-ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟို မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ဧပြီလ ၁၃ နံနက်ပိုင်းတွင် မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ကန်သာယာကန် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဗဟိုမဏ္ဍပ်၌ ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် နှင့်ဇနီး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် သန်းထိုက်နှင့်ဇနီး၊ တိုင်းဒေသကြီး တရာသူကြီးချုပ် ဦးဇော်ထူးနှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီး၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ များနှင့်ဝန်ထမ်းများ၊ တာဝန်ရှိသူများ၊ နိုင်ငံကျော်အနုပညာရှင်၊ ရုပ်ရှင်သရုပ်ဆောင်များ၊ အဆိုတော်များ၊ ယိမ်း အကအဖွဲ့များနှင့် မြို့နေပြည်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာ သင်္ကြန်ပွဲတော် နှစ်သစ်ကူးမင်္ဂလာ နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွှန့်ဝင်းအောင်၊ တိုင်းဒေသကြီး စည်ပင်သာယာရေးရာအဖွဲ့ ညွှန်ကြားရေး မှူး ဦးသစ်ထူးမြင့်နှင့် မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇော်တင်မိုးတို့က ၁၃၈၅-ခုနှစ်၊ ၂၀၂၄-ခုနှစ်၊ မြန်မာ့ ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး နိုင်ငံကျော်အဆိုတော် ရန်အောင်မှ “ မြူ မှောင်ဝေကင်း ” တေးသီချင်းသီဆို၍ ယိမ်းအကလှပျိုဖြူများက ကပြဖျော်ဖြေကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တာဝန်ရှိသူများနှင့် ဧည့်သည်တော်များက ယိမ်းအလှပျိုဖြူများနှင့် တက်ရောက်လာသူများအား နှစ်သစ်ကူးအမွှေးနံ့သာရေဖြင့် အပြန်အလှန်ပတ်ဖျန်းကြပြီး နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင်များ၊ အဆိုရှင်များနှင့် ယိမ်းအလှပျိုဖြူများက အလှည့်ကျဖျော်ဖြေနေမှုများအား ကြည့်ရှူအားပေးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝနှ်ရှိသူများသည် မွန်းလွဲပိုင်းတွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ရာ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်က ၁၃၈၅-ခုနှစ်၊ ၂၀၂၄-ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာ င်္ကြန်ပွဲတော်နှစ်သစ်ကူးမင်္ဂလာ နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးနှင့် ဗိုလ်မှူးကြီး အောင်မြတ်ထွန်းတို့က ၁၃၈၅-ခုနှစ်၊ ၂၀၂၄-ခုနှစ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖဲကြိုးဖြတ်ဖွင့်လှစ်ကြပြီး နိုင်ငံကျော်အဆိုတော် ရန်အောင်မှ “ မြူမှောင်ဝေကင်း ” တေးသီ ချင်းသီဆို၍ ယိမ်းအကလှပျိုဖြူများက ကပြဖျော်ဖြေကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းမှူး၊ တာဝန်ရှိသူများနှင့် ဧည့်သည် တော်များက ယိမ်းအလှပျိုဖြူများနှင့် တက်ရောက်လာသူများအား နှစ်သစ်ကူးအမွှေးနံ့သာရေဖြင့် အပြန်အလှန် ပတ်ဖျန်းကြပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ တပ်ရင်း၊တပ်ဖွဲ့ဝင်များနှင့် ယိမ်းအလှပျိုဖြူများက အလှည့် ကျ သီဆိုကပြဖျော်ဖြေနေမှုများအား ကြည့်ရှူအားပေးကာ တပ်ရင်း၊တပ်ဖွဲ့များ၏ စတုဒီသာမဏ္ဍပ်များ ကျွေးမွေး ဧည့်ခံနေမှုများအား လိုက်လံကြည့်ရှုအားပေးကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ကန်သာယာဝန်းကျင်၌ ကျင်းပသည့် ၂၀၂၄-ခုနှစ်၊ မြန်မာ့ရိုးရာမဟာ သင်္ကြန်ပွဲတော်တွင် သင်္ကြန်အကျ၊ အကြတ်၊ အတက်နေ့များ၌ ဗဟိုမဏ္ဍပ်နှင့် မဏ္ဍပ်ကြီး ၄ ခုတို့မှ ယိမ်းအဖွဲ့များ နှင့်နိုင်ငံကျော်အနုပညာရှင်၊ ရုပ်ရှင်သရုပ်ဆောင်များ၊ အဆိုတော်များက သင်္ကြန်ယိမ်းအကများ ဖြင့်ဖျော်ဖြေခြင်း နှင့်နေ့စဉ်နံနက်၊ညနေတို့တွင် သင်္ကြန်အစားအစာများ၊ ထမင်းနှင့်ဟင်းမျိုးစုံတို့ဖြင့် စတုဒီသာကျွေးခြင်းများဖြင့် ကုသိုလ်ပြုသွားကြမည်ဖြစ်ကြောင်း သိရသည်။






