စစ်ကိုင်း၊ ဇွန် ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၌ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းက ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် အခြေခံပညာအလယ်တန်းကျောင်းခွဲ(ဒီဇယ်)တွင် စာသင်ကျောင်း ဆောင် (၂) ဆောင် ပြန်လည်ပြုပြင်ခြင်းနှင့် ကျောင်းဝတ်စုံများ ပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို ဇွန်လ (၅)ရက်၊ မွန်းလွဲ (၁)နာရီခွဲအချိန်တွင် အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံ၊ စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးအောင်မြင့်နှင့် တက်ရောက်လာကြသူများက ငလျင်ဘေးသင့်၍ ပျံလွန်တော်မူသွားကြသော ရဟန်း၊ သာမဏေ၊ သီလရှင်များနှင့် ကွယ်လွန်သွားကြသော လူပုဂ္ဂိုလ်များအား ရည်စူး၍ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တစ်မိနစ် မတ်တပ်ရပ်ငြိမ်သက်ဂါရဝပြုကြသည်။
ဆက်လက်ပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံက အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းဥက္ကဋ္ဌ ဦးအောင်မြင့်က စာသင်ကျောင်း ဆောင် (၂)ဆောင် ပြန်လည်ပြုပြင်ခြင်းနှင့် စပ်လျဉ်း၍ ဝမ်းမြောက်စကား ပြောကြားခဲ့သည်။
ထို့နောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံ၊ မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်းဥက္ကဋ္ဌ ဦးအောင်မြင့်နှင့် တာဝန်ရှိသူများက စာသင်ကျောင်းဆောင် (၂) ဆောင် ပြန်လည်ပြုပြင်ခြင်းဆိုင်ရာမှတ်တမ်းများနှင့် ကျောင်းဝတ်စုံ (၃၅၀၀)စုံအား ကျောင်းအုပ်ဆရာမကြီး နှင့် ကျောင်းသား၊ ကျောင်းသူများထံသို့ ပေးအပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်က မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းဥက္ကဋ္ဌ ဦးအောင်မြင့်အား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပြီး ကျေးဇူး တင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံ၊ စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးအောင်မြင့်နှင့် တာဝန်ရှိသူများသည် စာသင်ကျောင်းဆောင် (၂)ဆောင် ပြန်လည်ပြုပြင်နေမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။











