မုံရွာ ဖေဖော်ဝါရီ ၁၉
၂၀၂၄-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ ညနေပိုင်းက မုံရွာမြို့ ပြည်သူ့အားကစားကွင်းတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တရားလွှတ် တော် တရားသူကြီးချုပ် ဦးဇော်ထူး၊တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဘောလုံး အသင်းနည်းပြများနှင့် အားကစားသမားများ၊ ဖိတ်ကြားထားသူများ၊ဘောလုံးဝါသနာရှင်များ တက်ရောက်အားပေးခဲ့ကြကြောင်းသိရသည်။
ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက် ရောက်လာကြသူများက ဟုမ္မလင်းခရိုင် အသင်း နှင့် မုံရွာခရိုင်အသင်းတို့ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးရာ မုံရွာခရိုင်အသင်းက ဟုမ္မလင်းခရိုင်အသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့ကြောင်းသိရသည်။
ဆက်လက်ပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ ပထမဆုရရှိသော မုံရွာခရိုင်အသင်းအားတစ်ဦးချင်းဆုတံဆိပ်၊ ဂုဏ်ပြုချီးမြှင့်ငွေကျပ် ဆယ်သိန်းနှင့် တံခွန်စိုက်ဆုဖလားအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က လည်းကောင်း၊ ဒုတိယဆုရရှိသော ဟုမ္မလင်းခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ဂုဏ်ပြုချီးမြှင့်ငွေကျပ် ခုနှစ်သိန်း နှင့် ဆုဖလားအား တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးဇော်ထူးကလည်းကောင်း၊ တတိယဆုရရှိသော ကောလင်းခရိုင်အသင်းကို တစ်ဦးချင်းဆုတံဆိပ်၊ ဂုဏ်ပြုချီးမြှင့်ငွေကျပ် ငါးသိန်း နှင့် ဆုဖလားအား တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက လည်းကောင်း၊ နေရာအလိုက် နှင့် ပွဲစဉ်တလျှောက် အကောင်းဆုံး အားကစားသမားဆုရရှိသူများကို ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေကျပ် ငါးသောင်းစီ တို့ကို တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးခင်မောင်အေး နှင့် လူမှုရေးရာဝန်ကြီး ဦးညွှန့်ဝင်းအောင် တို့က လည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး နောက် အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
၂၀၂၄-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲကို ဇန်နဝါရီလ ၃၀ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၉ ရက်နေ့အထိ မုံရွာမြို့ ပြည်သူ့အားကစားကွင်းတွင်ကျင်းပရာ တိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၁၃ ခရိုင်မှ ပြိုင်ပွဲဝင်အားကစားသမား ၂၈၆ ဦးဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း သိရှိရသည်။






