မုံရွာ၊ ဇွန် ၉
၂၀၂၄-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၉ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အသင်းအုပ်ချုပ်သူ များနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က လက်ရှိမြန်မာ့လက်ရွေးစင် ဖူဆယ် အမျိုးသား/အမျိုးသမီးအသင်းအား အင်အားဖြည့်နိုင်ရန် အလားအလာရှိသည့် သွေးသစ်လူငယ် အမျိုးသား/အမျိုးသမီးဖူဆယ်အားကစားသမားများ ပေါ်ထွက်ရရှိရေးအတွက် မြန်မာနိုင်ငံတစ် ဝှမ်းဒေသအနှံ့အပြားမှ လူငယ်အမျိုးသား/အမျိုးသမီး သွေးသစ်ဖူဆယ်အားကစားသမားများ မွေးထုတ်နိုင်ရေး ဦးစားပေးလုပ်ငန်းအဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုပြိုင် ပွဲမှနေပြီးထူးချွန်သည့် အားကစားသမားများအား ရွေးချယ်စခန်းသွင်းလေ့ကျင့် ကာတိုင်းဒေသ ကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးဖူဆယ်ပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်သွားမည်ဖြစ်သည့်အတွက် ကြိုးစားယှဉ်ပြိုင်သွားကြရန် လိုအပ်ပါကြောင်း၊ အားကစား သမားများအနေဖြင့် မိမိဘဝအတွက် ရည်မှန်းချက်ပန်းတိုင်များထားပြီး မိမိ၏ခြေစွမ်းခြေစ အရည်အချင်းအားပေါ်လွင်အောင် အားကစားစိတ်ဓါတ်ပြည့်ဝစွာဖြင့် ကြိုးစားယှဉ်ပြိုင်ပြီး အရည်အချင်းပြည့်ဝသည့်တိုင်းဒေသကြီးနှင့် နိုင်ငံ့ဂုဏ်ဆောင် ထူးချွန်အားကစားသမားကောင်း များဖြစ်အောင် ကြိုးစားယှဉ်ပြိုင်ကစားသွားကြရန် လိုအပ်ပါကြောင်း ပြောကြားပြီး ၂၀၂၄-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဖူဆယ်ပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။
ယင်းနောက် ပြိုင်ပွဲဝင်အသင်းများမှ အားကစားသစ္စာအဓိဌာန်ရွတ်ဆိုကြပြီး တိုင်းဒေသ ကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ ပြိုင်ပွဲဝင်အသင်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် ကာပြိုင်ပွဲဝင်အားကစားအသင်းများမှ ကွင်းအတွင်းမှပြန်လည်ထွက်ခွာကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ အဖွင့်ပွဲစဉ်အဖြစ် မုံရွာ ခရိုင်အသင်းနှင့် စစ်ကိုင်းခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများအား ကြည့်ရှုအားပေးကြပြီး မုံရွာခရိုင်အသင်းမှ စစ်ကိုင်းခရိုင်အသင်းအား အနိုင်ရရှိသွားသည်။
အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅) နှစ်အောက် အမျိုးသား/အမျိုးသမီး ဖူဆယ်ပြိုင်ပွဲအား ဇွန်လ ၉ ရက်နေ့မှ ဇွန်လ ၁၄ ရက်နေ့ အထိ မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ ဖူဆယ်အားကစားရုံတွင် ကျင်းပသွားမည်ဖြစ် ပြီး တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၁၂)ခရိုင်မှ အမျိုးသား/အမျိုးသမီး ပြိုင်ပွဲဝင်အားကစားသမား ၁၉၀ ဦးကျော် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။






