မုံရွာ၊ နိုဝင်ဘာ ၄

စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၄-ခုနှစ်၊ ပဉ္စမအကြိမ်၊ အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် အောင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၆/၂၀၂၄)ကို နိုဝင်ဘာလ ၄ ရက်၊ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာသိပ္ပံ(မုံရွာ)ကျောင်းအုပ်ကြီးနှင့် အားကစားနည်းများအလိုက် တာဝန်ခံများ၊ အသင်းနည်းပြများနှင့်အုပ်ချုပ်သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ဇော်လွင်က ၂၀၂၄-ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစား ပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ကြို တင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ စုဖွဲ့လေ့ကျင့်နေမှုများနှင့် (၅/၂၀၂၄)အစည်းအဝေးဆုံးဖြတ်ချက်များ ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် အားကစားနှင့်ကာယ ပညာသိပ္ပံ(မုံရွာ) ကျောင်းအုပ်ကြီးနှင့် အားကစားနည်းများအလိုက် တာဝန်ခံများ၊ အသင်း နည်းပြများနှင့်အုပ်ချုပ်သူများက မိမိတို့တာဝန်ယူဆောင်ရွက်နေသည့် အားကစားနည်း များအလိုက် စခန်းသွင်းစုဖွဲ့လေ့ကျင့်နေမှုများနှင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားသည့် အခြေအနေများအား အသီးသီး ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက မိမိတို့တာဝန်ယူ ကြီးကြပ်နေသည့် အားကစားနည်းများအလိုက် စခန်းသွင်းလေ့ကျင့်နေမှု အခြေအနေများ၊ စား သောက်ရေး/နေထိုင်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးထားသည့် အခြေအနေများ အားရှင်းလင်းဆွေးနွေး တင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ၂၀၂၄-ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသားအားကစား ပွဲတော် အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး အောင်နိုင်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို အသီးသီး ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ၂၀၂၄-ခုနှစ်၊ ပဉ္စမ အကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲများအတွက် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ခံ/အုပ်ချုပ်/နည်းပြများအနေဖြင့် မိမိတို့ အားပေးအပ်ထားသည့် တာဝန်များအား ကျေပွန်အောင်ကြိုးစားဆောင်ရွက်ပြီး ပြိုင်ပွဲ အားကစားနည်းများအလိုက် အမြင့်ဆုံးအောင်မြင်မှုများထိရောက်ရှိအောင် မဆုတ်မနှစ် ကြိုးစားယှဉ်ပြိုင်မှသာ မိမိတို့တိုင်းဒေသကြီးအတွက် အောင်မြင်မှုအသီးအပွင့်များ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ အသင်းအုပ်ချုပ်/နည်းပြများနှင့် ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် အားကစားသမားကောင်း စိတ်ဓါတ်ပြည့်ဝစွာဖြင့် စည်းကမ်းကောင်း မွန်ပြီး ယုံကြည့်ချက်ခံယူချက် ကောင်းမွန်စွာ မိမိတို့ယှဉ်ပြိုင်မည့် အားကစားနည်းများအလိုက် ကြိုးစားယှဉ်ပြိုင်ကစားသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်း အဝေးသို့ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

20241105 01

20241105 01