မုံရွာ၊ ဇွန် ၂၂
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ စစ်ကိုင်းခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိသူများသည် ဇွန်လ ၂၂ ရက်၊ မွန်းလွဲပိုင်း တွင် စစ်ကိုင်းမြို့၊ ပတ္တမြားရပ်ကွက်၊ စစ်ကိုင်းပညာရေးတက္ကသိုလ်ရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ သောက်သုံးရေအဆင်ပြေစေရန်အတွက် (၈)လက်မ စက်ရေအတွင်း(၂)တွင်း၊ ရေဂါလံ(၂၀၀၀၀)ဆံ့ ရေလှောင် ကန်၊ Pump House (၁)လုံးနှင့် 315 KVA Transformer (၁)လုံး တည်ဆောက်မည့် မြေနေရာသို့ ရောက်ရှိကြသည်။
ဦးစွာ စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက တည် ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်းပြသကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက် ၍ ရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းပညာ ရေးတက္ကသိုလ်ကျောင်းဝန်းအတွင်းရှိ အလျား၁၈၆ ပေ၊ အနံ ၁၆၀ ပေ၊ Recreation Center ၂ ထပ်၊ အဆောက်အဦ တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ်ခတ်မှု ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ “မဟာစေတီကြီး”နှင့် သာသနိကအဆောက်အဦများ ပြန်လည်မွမ်းမံနေမှုများနှင့် စေတီတော်ကြီးရင်ပြင် ကွန်ကရစ်ခင်းကျင်းများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များ ကိုတာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


