မုံရွာ ၊ နိုဝင်ဘာ ၂

စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ၁၀/၂၀၂၃ ကြိမ်မြောက် အစည်းအဝေးကို နိုဝင်ဘာလ ၂ ရက်နေ့၊ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ဒုတိယဥက္ကဋ္ဌ တိုင်းဒေသကြီး စီးပွားရေးရာ ဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး ခရီးသွားလုပ်ငန်းကော်မတီအတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဟိုတယ်/တည်းခိုရိပ်သာ လုပ်ငန်းရှင်များ တက်ရောက်ကြသည်။ 

ရှေးဦးစွာ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးအလေးထားပြီး ပုဂ္ဂလိကလုပ်ငန်းရှင် ကိုယ်စားလှယ်များ၏ တင်ပြချက်၊ လိုအပ်ချက်များကိုလည်း ဆောင်ရွက်ပေးလျက်ရှိပြီး စစ်တမ်းများအရ ခရီးသွားလုပ်ငန်းသည် အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးမှုတွင် ဦးဆောင်နေရာမှ ရပ်တည်နေသည့် စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်ပါကြောင်း၊ ယခုအချိန်ကာလသည် ခရီးအများဆုံးသွားကြသည့် ကာလဖြစ်ပါ၍ သယ်ယူပို့ဆောင်ရေးကဏ္ဍများအပါအဝင် ဟိုတယ်/တည်းခိုရိပ်သာလုပ်ငန်းရှင်များအနေဖြင့် ဝန်ဆောင်မှုကောင်းများပေးနိုင်ရေး ဆောင်ရွက်နိုင်မှသာ မိမိတို့တိုင်းဒေသကြီး၏ ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက် လာမှာဖြစ်ပါကြောင်း၊ ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော် မတီအဖွဲ့ဝင်များနှင့် ပုဂ္ဂလိကခရီးသွားလုပ်ငန်း ကိုယ်စားလှယ်များ၊ ခရီးသွားနှင့်ဆက်စပ်သည့် ဌာနဆိုင်ရာများအနေဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ဒေသဆိုင်ရာခရီးသွားလုပ်ငန်းဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးမြင့်စိန်က ခရီးသွားလုပ်ငန်းကော်မတီ ၉/၂၀၂၃ ကြိမ်မြောက်အစည်းအဝေး ဆုံးဖြတ်ချက်များ အပေါ်ဆောင်ရွက်ထားရှိမှုနှင့် ဆောင်ရွက်ဆဲအခြေအနေများ၊ ယခုအစည်း အဝေးတွင် ဆုံးဖြတ်အတည်ပြုပေးရမည့် ကိစ္စရပ်များနှင့် တိုင်းဒေသကြီးအတွင်း ခရီးသွားဝင်ရောက်မှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသူများနှင့် ဟိုတယ်လုပ်ငန်းရှင်များက တိုင်းဒေသကြီးအတွင်း ဒေသဆိုင်ရာခရီးသွား လုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ ခရီးသွားဝင်ရောက်မှု၊ ခရီးသွားဒေသများပတ်ဝန်းကျင်တွင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှု၊ လမ်းပန်း ဆက်သွယ်ရေး၊ QR Code Vinyl တပ်မည့် Bill Board တပ်ဆင်မည့်လုပ်ငန်းများ၊ လုံခြုံရေး အခြေအနေများနှင့် ပတ်သက်၍ အသီးသီး အကြံပြုဆွေးနွေး တင်ပြကြသည်။

ထို့နောက် ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် က အသီးသီးအကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

IMG d3d2abe90f32bb6992ca8b5e981b76a5 V

IMG a1105934c02cca3b73bdd3cbc1920f19 V

IMG 44a3cdee9486d7d411ebb6d05fdafadb V